စစ်ကိုင်း၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ သီရိမင်္ဂလာ ဂုံးကျော်တံတားပေါ်၌ အသက် ၂၀ ကျော် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူသည် စစ်ကိုင်းမြို့၊ သစ်ရပ်ကွက်နေ အသက် ၂၆ အရွယ် ကိုဟိန်းထက်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၄ ရက်၊ မနက် ၁၀ နာရီဝန်းကျင်တွင် ဆိုင်ကယ် မောင်းလာသည့်အချိန် သေနတ်သမားများက ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဈေးထွက်ဝယ်ရင်း အခုလို သေနတ်နဲ့ပစ်ခံရလို့ သိရတယ်။ ဘယ်အဖွဲ့က ဘာလို့ပစ်သတ်တာလည်းတော့ မသိဘူး။ ဆေးရုံအရောက်မှာဆုံးတာ။ မေရိုးအောက် ကျည်ဖောက်ဝင် ဒဏ်ရာရပြီး စစ်ကိုင်းပြည်သူ့ဆေးရုံကိုပို့တာ ဆေးရုံအရောက်မှာဆုံးသွားတာ။” ဟု ဒေသခံ လူမှုကူညီရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ကိုဟိန်းထက်သည် ဆိုင်ကယ်အရောင်းအဝယ်လုပ်ကိုင်သူဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ဆောင်သူမဟုတ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များတွင် နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပေါ် သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်ရက်လျှင်လူတစ်ဦး သို့မဟုတ် လေးဦးအထိ နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံနေရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဝဏ္ဏ
စစ်ကိုင်းမြို့၌ အသက် ၂၀ ကျော်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်