စစ်ကိုင်း၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စကျင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦး စက်တင်ဘာ ၂၂ ရက်၊ မနက် ၈ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ များထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အသက် ၄၀ ကျော်အရွယ် ဦးသန်းဥာဏ်ဝင်းဖြစ်ပြီး စကျင်ကျေးရွာရှိ ၎င်း၏နေအိမ်အတွင်းရှိနေချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ သေနတ်ဒဏ်ရာ ၃ ချက်လောက်နဲ့ တစ်ခါတည်းဆုံးသွားတာ။ အုပ်ကြီးက အိမ်မှာရှိနေတုန်း သေနတ်သမားတွေက ပစ်သတ်သွားတာ။ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာတာ။ ဒီလိုပဲ အဝင်အထွက်ရှိတဲ့အိမ်ဆိုပြီး နေတာ။ သေနတ်သံကြားလို့ ပြေးကြည့်တော့မှ ဆုံးနေတာကိုတွေ့ရတာ။” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဥာဏ်ဝင်းသည် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာ သို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်း တောကျေးရွာမှ စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်ရှင် ဦးစိုးမိုးဆိုသူနှင့် ဦးချိုတူးဆိုသူတို့နှစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။
ဝဏ္ဏ
စစ်ကိုင်းမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်