စစ်ကိုင်းမြို့နယ်ရှိ ကံကြီးကုန်းကျေးရွာ မီးရှို့ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းမြို့နယ်ရှိ ကံကြီးကုန်းကျေးရွာ ယမန်နေ့က မီးရှို့ခံရပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လူနေအိမ် ၅၀၀ ထက်မနည်းရှိကာ၊ ဒေသခံထောင်ချီ၍ နေထိုင်သည့် အဆိုပါကျေးရွာအား ယမန်နေ့ နံနက်ပိုင်းက မီးရှို့ခံရခြင်းဖြစ်ပြီး နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး ခဲ့ကြောင်းလည်း သိရသည်။

“ ရွာသားတွေအားလုံးလည်း ထွက်ပြေးနေရတာဆိုတော့ ပျက်စီးသွားတဲ့အရေအတွက် အတိအကျတော့ မသိရသေးဘူး။” ဟု စစ်ကိုင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ပြော သည်။

ဖြစ်စဉ်တွင် ဒေသခံများအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါကျေးရွာသည် စစ်ကိုင်း-ရွှေဘို-မြစ်ကြီးနား ရထားလမ်းဘေးတွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ထိုကျေးရွာအနီးရှိ ရွာထောင်ရွာမှ လမ်းပြင်ရန်ထွက် လာသည့် ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးအဖွဲ့များ ရောက်ရှိလာကာ ကျေးရွာအချို့သို့ ဝင်ရောက်စစ်ဆေးမှုများရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း၌ နစကတပ်များနှင့် PDF အဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိပြီး ပြီးခဲ့သည့်လအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ အနည်းငယ်သာရှိခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်က ယင်းမြို့နယ်ရှိ သလွန်ဖြူကျေးရွာသို့ လာရောက်သော ဒုရဲအုပ်တစ်ဦးနှင့် ၎င်း၏ဇနီးတို့အား အမည်မသိလက်နက်ကိုင်အဖွဲ့က သတ်ဖြတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ကျေးရွာအချို့သို့ ဝင်ရောက်ကာ စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ယခုလလယ်မှစ၍ စစ်ကိုင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်နှင့် ဒေသတည်ငြိမ်မှု ရရှိစေရေးအတွက် လိုအပ် သည့် နယ်မြေရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း တယ်လီဂရန်ချန်နယ်များတွင် ရေးသားပြောဆိုမှုများလည်းရှိသည်။

မောင်ဇော်

ဓာတ်ပုံ – ဒေသခံတစ်ဦး

#ယနေ့ခေတ်

စစ်ကိုင်းမြို့နယ်ရှိ ကံကြီးကုန်းကျေးရွာ မီးရှို့ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.