ရန်ကုန်၊ ဇွန် ၁၀
စစ်ကိုင်းတိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မရိတ်သိမ်းနိုင်သောနွေစပါးခင်း ဧကထောင်ချီရှိနေသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းတွင် စပါးခင်းများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေခြင်းကြောင့် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက ဒေသခံတောင်သူများစိုက်ပျိုးထားသည့် စပါးခင်းများ ရိတ်သိမ်းနိုင်ခြင်းမရှိဖြစ်နေကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“ တောင်သူတွေကလည်း စပါးမရိတ်သိမ်းရတော့ ဆန်မထွက်ဘူး။ စပါးခင်းတွေထဲ လက်နက်ကြီးကျည်ကျတာတွေရှိသလို မီးရှို့ဖျက်ဆီးခံရတာတွေလည်းရှိတယ်။ မိုးသက်လေပြင်းဒဏ်ကြောင့် စပါးခင်း၊ သီးနှံခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီးပြီ။ အခုလည်း တိုက်ပွဲတွေဖြစ်နေပြန်တော့ စပါးတွေအချိန်မီရိတ်သိမ်းဖို့က ခက်နေပြန်တယ်။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
နိုင်ငံရေး၊ စစ်ရေးအပြင် သဘာဝဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားခဲ့ကြရသည့် စစ်ကိုင်းတိုင်းကတောင်သူများသည် မိသားစုဝမ်းရေးအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အန်တုရင်းအခက်အခဲများစွာကြားမှ စပါးများကိုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ အခု လယ်ကွင်းထဲမှာ စပါးတွေကမှည့်တော်နေပြီ။ တိုက်ပွဲတွေဖြစ်တော့ လယ်တွေ၊ နွားတွေကိုလည်း ဒီတိုင်းပစ်ထားခဲ့ရတယ်။ ဒီအချိန် လက်နက်ကြီးရန်ကြောက်လို့ လယ်ထဲလည်း ဘယ်သူမှမသွားရဲကြဘူးလေ။ စပါးတွေ အမှည့်လွန်ကုန်ပြီး အလေအလွင့်ဖြစ်မှာသေချာတယ်။” ဟု ၎င်းကဆက်ပြောသည်။
ဒေသတွင်း တည်ငြိမ်မှုမရှိခြင်းကြောင့် မိုးစပါးများကို အပြည့်အဝစိုက်ပျိုးနိုင်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းမှတောင်သူများအတွက် လတ်တလော ရင့်မှည့်နေပြီဖြစ်သော စပါးများကို အချိန်မီရိတ်သိမ်းနိုင်ခြင်းမရှိပါက စားနပ်ရိက္ခာဖူလုံမှုအတွက် များစွာအခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးဒုက္ခသည်ပေါင်း သိန်းချီရှိနေကြောင်းသိရပြီး၊ ယင်းဒုက္ခသည်များထက်ဝက်ခန့်သည် တောင်သူများဖြစ်ကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများကြောင့် မရိတ်သိမ်းနိုင်သောစပါးခင်း ဧကထောင်ချီရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်