ရန်ကုန်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းတွင် ဆီထွက်သီးနှံ မြေပဲများအထွက်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် ဒေသခံတောင်သူများ အရှုံးပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းတွင် ယခုနှစ်မိုးသီးနှံရာသီတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံမြေပဲများကို နောက်ဆုံးသိမ်းဆည်းနေသည့်အချိန်ဖြစ်ပြီး ယခင်နှစ်များက မြေပဲတစ်ဧကလျှင် ၆၅ တင်းအထိထွက်ရှိခဲ့ပြီး၊ ယခုနှစ်တွင်မြေပဲတစ်ဧက ပျှမ်းမျှ ၄၅ တင်းအထိသာ အများဆုံးထွက်ရှိနေကြောင်း သိရသည်။
“အခုနှစ် တစ်ဆ၊ နှစ်ဆလျော့ကျနေတယ်။ မြတ်ဖို့မပြောနဲ့ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဆီဖိုးတောင် မနည်းရအောင်ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို မိုးသီးနှံတောင်လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းအနှီးရှာရဦးမယ်။ ခါတိုင်ဆို နွေသီးနှံတွေသိမ်းပြီးတာနဲ့ မိုးသီးနှံစိုက်ဖို့ အရင်းအနှီးသုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး။ အဓိကကတော့ ရာသီဥဖောက်ပြန်တာနဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ အကြောင်းအမျိုးအမျိုးအကြောင့် ဒုက္ခတွေရောက်ရတာ။ မြေပဲဈေးကတော့မဆိုပါဘူး။” ဟု စစ်ကိုင်းတိုင်း၊ ဒီးပဲယင်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
ဆီထွက်သီးနှံမြေပဲများ အထွက်နှုန်းကျဆင်းခြင်းသည် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့သော ရာသီဥတုဖောက်ပြန် ခြင်း၊ ဖျက်ပိုးကိုက်ဖျက်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ ဈေးထိုးတက်နေခြင်း၊ သီးနှံများအထွက်ကောင်းစေရန်၊ ပိုးမွှားအန္တရာယ်မကျရောက်စေရန် သုံးနေကျပိုးသတ်ဆေးများ၊ မြေသြဇာများ အပြည့်အဝမသုံးစွဲနိုင်ခြင်းနှင့် ဒေသ မတည်မငြိမ်မှုများကြောင့်လည်း လယ်ယာလုပ်ငန်းများကို စနစ်တကျမလုပ်နိုင်သည့် အခြေအနေများကြောင့်ဖြစ် သည်ဟု ဆိုသည်။
“ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ မိသားစုတွေက အခြားအလုပ်ပဲလုပ်ဖို့ပြောနေတာ။ အဆင်မပြေတာ သုံးနှစ်ကျော်လာပြီ။ အခုက အထွက်လျော့တဲ့ဒဏ်ခံနေရတဲ့အပြင် ဘာမှပံ့ပိုးတာလည်းမရဘူး ဖြစ်နေတယ်။ ချေးငွေတွေလည်း အသစ်မလာတဲ့အပြင် အဟောင်းတောင် အတင်းဖိအားပေးတောင်းနေတယ်။” ဟု မော်လိုက်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းတွင် မြေပဲများအထွက်နှုန်း ကျဆင်းနေသည့်အပြင် စက်သုံးဆီလိုသလောက်ဝယ်မရခြင်း၊ စက်သုံးဆီဈေးများ ပြန်မကျသေးခြင်း၊ ဓာတ်မြေသြဇာဈေးများ ပြန်မကျခြင်း၊ ယခင်ကချေးထားသည့်ချေးငွေများကို အတင်းအကြပ်တောင်းနေခြင်း စသည့်အခက်အခဲများဖြင့်ပါကြုံနေရကြောင်း သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
စစ်ကိုင်းတိုင်းတွင် ဆီထွက်သီးနှံမြေပဲများ အထွက်နှုန်းကျဆင်းနေသဖြင့် တောင်သူများအရှုံးပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်