စင်္ကာပူ၊ မေ ၄
ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများကြားတွင်ကျင်းပသည့် စင်္ကာပူရွေးကောက်ပွဲတွင် ပြည်သူ့လှုပ်ရှားမှုပါတီ (PAP)သည် အံ့မခန်းအောင်ပွဲရခဲ့ပြီး ထိုင်ခုံ ၉၇ နေရာတွင် ၈၇ နေရာ (သို့မဟုတ်) ၉၀ ရာခိုင်နှုန်းနီးပါးအနိုင်ရကာ အလုပ်သမားပါတီ(WP)၏ စိန်ခေါ်မှုများကို တွန်းလှန်နိုင်ခဲ့သည်။
အတိုက်အခံများ၏ တောင်းဆိုမှုများကိုဆန့်ကျင်ပြီး စနေနေ့(မေလ ၃ ရက်)တွင် စင်္ကာပူနိုင်ငံသားများသည် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဘေးကင်းမှုကို ရွေးချယ်ခဲ့သည်။
အာဏာရပါတီကိုဦးဆောင်သည့် ဝန်ကြီးချုပ် လောရန့်စ် ဝေါင်၏ ပထမဆုံး ရွေးကောက်ပွဲစမ်းသပ်မှုတွင် တရား ဝင်မဲပေါင်း ၂,၃၈၆,၄၅၂ မဲအနက် ၆၅.၅၇ ရာခိုင်နှုန်းကိုရရှိခဲ့သည်။ 2020 အထွေထွေရွေးကောက်ပွဲတွင် ၆၁.၂၄ ရာခိုင်နှုန်းသာရရှိခဲ့သည်။
ယခင်အထွေထွေရွေးကောက်ပွဲများဖြစ်သည့် ၁၉၉၁ နှင့် ၂၀၀၆ တွင် PAP ၏မဲရရှိမှု ကျဆင်းခဲ့သော်လည်း ၀န်ကြီး ချုပ်အသစ် ဝေါင်တက်လာပြီးနောက် PAP ပါတီ မဲရရှိမှုမှာ အပြတ်အသတ်တိုးတက်လာသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဝေါင်က စင်ကာပူနိုင်ငံသားများသည် ပါတီအား “အုပ်ချုပ်ရန် ရှင်းလင်းပြတ်သားစွာ လုပ်ပိုင်ခွင့်အာဏာပေးထားကြောင်း” မစ္စတာ ဝေါင်က ပြောကြားသည်။
ဒီထက်ပိုကြီးမားတဲ့ ပြိုင်ဆိုင်မှုဟာ နိုင်ငံရေးပါတီတွေကြားမဟုတ်ဘဲ၊ စင်ကာပူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြားက ရွေးကောက်ပွဲဟာ စင်္ကာပူအတွက် အရေးကြီးတဲ့အချိန်ကာ လမှာဖြစ်ကြောင်း မစ္စတာ ဝေါင်က ထပ်လောင်း ပြောကြားသည်။
“ကမ္ဘာကြီးဟာ စီးပွားရေးနှေးကွေးမှုနဲ့ နိုင်ငံတကာအစီအစဉ်ရဲ့ အခြေခံကျကျအပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု မစ္စတာ ဝေါင်ကပြောသည်။
“ရလဒ်တွေက စင်္ကာပူကို ရှုပ်ယှက်ခတ်နေတဲ့ကမ္ဘာကို ရင်ဆိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထားမှာရှိစေမှာပါ။ ဒါဟာ ခင်ဗျားတို့ရဲ့ အစိုးရအပေါ်ယုံကြည်မှု၊ တည်ငြိမ်မှုရဲ့ ရှင်းရှင်း လင်းလင်းအချက်ပြမှုပါပဲ” ဟု မစ္စတာ ဝေါင်က ပြောကြားသည်။
ယမန်နှစ် သြဂုတ်လက မစ္စတာဝေါင်ထံ အာဏာလွှဲပြောင်းပေးခဲ့သော ဝန်ကြီးဟောင်း လီရှန်လွန်းက မဲရလဒ်ကြောင့် အလွန်ပျော်ရွှင်ပြီး စိတ်သက်သာရာရကြောင်း Facebook တွင်ပြောကြားခဲ့သည်။
“ ဒီရွေးကောက်ပွဲဟာ ကမ္ဘာနဲ့ စင်္ကာပူရဲ့ အရေးကြီးတဲ့အချိန်မှာ ကျင်းပခဲ့တာပါ။ ဒီရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် လောရန့်စ် ဝေါင်က စည်းလုံးညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံကိုထောက်ခံကြောင်း ကမ္ဘာကိုပြသဖို့၊ စင်ကာပူနိုင်ငံသားတွေကိုပြသဖို့နဲ့ ကမ္ဘာကိုချပြဖို့ အရေးကြီးတယ်။ ဒီရွေးကောက်ပွဲရလဒ်က အဲဒါကိုအောင်မြင်စေမှာပါ” ဟု ၎င်းက ဆိုသည်။
Ref: Channel News Asia
#ယနေ့ခေတ်
စင်္ကာပူ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဝေါင် သောင်ပြိုကမ်းပြိုအနိုင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်