ရန်ကုန်၊ ဇန်နဝါရီလ ၁၁
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများတွင် ကူးစက်မြန်ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ ၁၈ ခုကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာ ၁၆ ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာသုံးခုနှင့် ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၁၃ ခုဖြစ်ကြောင်း သိရသည်။
“ ကိုဗစ်ကူးစက်မှုက နည်းနည်းလေးပြန်မြင့်လာတယ်။ ပြည်ပကပြန်လာတဲ့သူတွေဆီက တွေ့တာများတယ်။” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များဖြစ်ပြီး၊ စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူသုံးဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၃ ဦးတွင် Omicron JN.1 ၁၁ ဦးနှင့် XBB.1.16.17နှစ်ဦးတို့ကိုလည်းကောင်း အသီးသီးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရ သည်။
၎င်းတို့အားလုံးသည် ကျန်းမာရေးအခြေအနေများ သက်သာကောင်းမွန်ပါသဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပြီး ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း အသိပေးထားသည်။
“ အရင်ထုတ်ပြန်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို လိုက်နာပါ။ ပြီးတော့ ကာကွယ်ဆေးကိုမဖြစ်မနေထိုးပါ။ ထိုးပြီးသားသူတွေအနေနဲ့လည်း ထပ်ဆောင်းကာကွယ်ဆေးကို ထိုးဖို့ ပြောချင်ပါတယ်။” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက အကြံပြုတိုက်တွန်းထားသည်။
ဓာတ်ပုံ – အင်တာနက်
စင်ကာပူပြန်များမှ ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်