ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ စက်သုံးဆီများကို ပုံမှန်အတိုင်း လိုသလောက်ဝယ်ယူ၍ရနေပြီဖြစ်ကြောင်း ပြန်ကြားရေးမှ အသိပေးထုတ်ပြန်ခဲ့သည်။ သို့သော် စက်သုံးဆီဝယ်ယူရန် လက်ရှိအချိန်အထိ အခက်အခဲရှိနေသေးကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
“ သူတို့ကသာ လိုသလောက် ဝယ်ယူလို့ရတယ်သာပြောနေတာ။ မနက် ၄ နာရီလောက်ကတည်းက ထပြီးတန်းစီရတယ်။ နည်းနည်းလေးနောက်ကျသွားရင် မရတော့ဘူး။ အချိန် တော့ပေးရတာပေါ့။ လိုသလောက်ရတယ်။ မနက်အစောတန်းစီပြီး ၄၀,၀၀၀ ဖိုးလောက်ဖြည့်ထားလိုက်တယ်။ နောက်နေ့မနက်မှ ပြန်ထတန်းစီတယ်။ ညနေဘက်က မသေချာဘူး။” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်ကို နိုဝင်ဘာ ၁၁ ရက်တွင် ဆီတင်ယာဉ် ၃၃၄ စီးဖြင့် 92 Ron ဂါလန် လေးသိန်းကျော်၊ 95 Ron ဂါလန်တစ်သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် တစ်သိန်းခုနစ်သောင်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန် နှစ်သိန်းခုနစ်သောင်းကျော်အားလည်းကောင်း၊ နိုဝင် ဘာ ၁၂ ရက်တွင် ဆီတင်ယာဉ် ၂၆၈ စီးဖြင့် 92 Ron ဂါလန် သုံးသိန်းကျော်၊ 95 Ron ဂါလန် ခုနစ်သောင်းခွဲကျော်၊ ဒီဇယ်ဆီ ဂါလန် တစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် နှစ်သိန်းသုံးသောင်းကျော်အားလည်းကောင်း ဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး အဆိုပါအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူမှုအခြေအနေသည် ယခင်ကဲ့သို့ ပုံမှန်အခြေအနေအတိုင်း ဖြစ်နေပြီဖြစ် ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
နိုဝင်ဘာလ ၁၀ ရက်၊ ညပိုင်းမှစတင်ကာ စက်သုံးဆီ အောက်တိန်း ၉၂ ၊ ၉၅ ဝယ်ယူရန် အခက်အခဲများရှိနေပြီး ရရှိသည့်ဆိုင်တွင်လည်း တန်းစီစနစ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။
“ ဆီကဝယ်ရတာ အခက်အခဲဖြစ်နေတော့ ချွေတာမောင်းနေရတယ်။ ကားတောင်ထွက်တစ်ရက်၊ မထွက်တစ်ရက်ဖြစ်နေတာ။ ဆီလိုက်ရှာဝယ်ရင်းနဲ့ ရှိတဲ့ဆီတောင် ကုန်တယ်။ တောက်လျှောက်ဒီလိုဆိုရင် အဆင်မပြေဘူး။” ဟု ၎င်းကဆက်လက်ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စင်း ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော ၁၅ စင်းရှိကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ထို့ပြင် ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- စီဂျေ
စက်သုံးဆီ ပုံမှန်အတိုင်း ဝယ်ယူ၍ရနေပြီဟု ထုတ်ပြန်ထားသော်လည်း အရောင်းဆိုင်အချို့၌ ဓာတ်ဆီဝယ်ယူ၍မရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်