ရန်ကုန်၊ အောက်တိုဘာ ၇
ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက် ကျဆင်းလာပြီးနောက် စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီဝယ်မရသည့်ပြဿနာ ကြုံတွေ့နေရကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
“ အခုဆိုင်တော်တော်များများမှာ ၉၂ ကဝယ်မရဘူး။ ၉၅ ပဲရမယ်လို့ပြောတယ်။ ဒါတောင် လိုသလောက်မရဘူး။ အကန့်အသတ်နဲ့ ရောင်းပေးနေတာ။ သူတို့က ဆီဈေးကျလို့ မရောင်းပေးချင်တာလည်း ဖြစ်နိုင်တယ်။” ဟု အငှားယာဉ်မောင်း ကိုအောင်ကျော်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စက်တင်ဘာ နောက်ဆုံးအပတ်မှစပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အကျဘက်သို့ဦးတည်လာပြီး အောက်တိုဘာလအစတွင် ထပ်မံဈေးကျဆင်းလာခြင်းဖြစ်သည်။
ယနေ့ အောက်တိုဘာ ၇ ရက်၊ ရန်ကုန် စက်သုံးဆီဈေးကွက်တွင် ၉၂ တစ်လီတာ ၁၉၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင်၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၂၆၅ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်း၊ ရွှေဈေးနှုန်း၊ ငွေလဲနှုန်းများ အကျဘက်သို့ ဦးတည်လာသော်လည်း အခြေခံစားသောက်ကုန်အချို့မှာ ဈေးကျဆင်းလာခြင်းမရှိသေးပဲ အမြင့်ဈေးတွင် ရှိနေ သည့်အပြင် အခြေခံလူတန်းစားများ အများဆုံးဝယ်ယူ စားသုံးနေရသည့် စားအုန်းဆီသည်လည်း အလွယ်တကူဝယ်ယူ၍ မရသေးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
သတင်း၊ ဓာတ်ပုံ – စုစု
စက်သုံးဆီအရောင်းဆိုင်အချို့၌ ၉၂ ဝယ်မရသည့်ပြဿနာ ကြုံတွေ့နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်