ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်သုံးဆိုင်တွင် ရောင်းချရန်ဆီရှိလျက် ရောင်းချမပေးသောကြောင့်ဆိုကာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်း အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ညက နိုင်ငံပိုင်မီဒီယာမှ သတင်းထုတ်ပြန်ထားသည်။
စက်သုံးဆီဝယ်ယူရာတွင် အများပြည်သူ အဆင်ပြေလုံလောက်စွာ ဝယ်ယူနိုင်စေရန်အတွက် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန် သီလဝါသိုလှောင်ကန် စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်းဆောင်ရွက်ပေးသော်လည်း ဆီအရောင်းဆိုင်သုံးဆိုင်မှာ ဆီရှိပါလျက် ရောင်းချပေးခြင်းမရှိကြောင်း စစ်ဆေးတွေ့ရသည်ဟု သိရသည်။
ထို့ကြောင့် အဆိုပါ စက်သုံးဆီဆိုင်သုံးဆိုင်အား စိစစ်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန်ထားသော်လည်း အရေးယူမည်ဆိုသည့် စက်သုံးဆီဆိုင်သုံးဆိုင်၏ အမည်ကိုမူ ဖော်ပြထား ခြင်း မရှိပေ။
နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်းမှစ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့၌ လူသုံးများသည့် 92 နှင့် 95 အမျိုးအစားစက်သုံးဆီ ဝယ်ယူ၍မရသည့် အခက်အခဲဖြစ်ပေါ်ပြီးနောက် နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းက ရန်ကုန်တစ်မြို့လုံးရှိ ဆီဆိုင်အားလုံးနီးပါးတွင် စက်သုံးဆီ ဝယ်ယူ၍မရသည့်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ ယာဉ်မောင်းများက ပြော သည်။
” ဆိုင်တော်တော်များများမှာကို ဝယ်မရတော့တာ။ ဝယ်လို့ရတဲ့ တစ်ဆိုင်လောက်ဆိုလည်း နာရီနဲ့ချီပြီးစောင့်ရတယ်။ တချို့ ရောင်းတဲ့နေရာတွေက ဆီဆိုင်တွေမှာဆို သုံးနာရီ လောက်စောင့်ရပြီး၊ ကိုယ့်အလှည့်ရောက်မှ ဆီကုန်သွားလို့ မရောင်းတော့ဘူးဆိုတာတွေပါ ကြုံရတယ်။” ဟု ရန်ကုန်မြို့ရှိ အဌားယာဉ်မောင်းတစ်ဦးက ပြောသည်။
ယမန်နေ့ကအထိ စက်သုံးဆီဝယ်ယူရခက်ခဲသည့် အခြေအနေဖြစ်ပေါ်လျက်ရှိသော်လည်း ယနေ့တွင်မူ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အများအပြားတွင် စက်သုံးဆီ ပြန်လည်ဝယ်ယူ ၍ ရရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိနေကာ ထပ်မံဝင်ရောက်လာမည့် စက်သုံးဆီတင်သင်္ဘောများလည်း ရှိကြောင်း နစကမှ ယနေ့သတင်းထုတ်ပြန်ထားသည်။
သီလဝါရှိ ဆီသိုလှောင်ရုံများမှ ခွဲတမ်းလုံလောက်အောင် ချမပေးသည့်အတွက် စက်သုံးဆီအား လုံလောက်စွာ ရောင်းချမပေးနိုင်ခြင်းဟု ပြီးခဲ့သည့်ရက်ပိုင်းက စက်သုံးဆီဆိုင်များ က ပြောကြားကြောင်း ပြည်ပအခြေစိုက် သတင်းဌာနအချို့တွင် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။
ယခင်လများက အမျိုးအစားအလိုက် စက်သုံးဆီတစ်လီတာလျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့်လက စက်သုံးဆီစျေးများ ကျဆင်းခဲ့ကာ တစ်လီတာ လျှင် ၂၀၀၀ ကျပ်ဝန်းကျင်သို့ရောက်ရှိစဉ် ယခုကဲ့သို့ စက်သုံးဆီဆိုင်များ၌ ဆီရောင်းချမှုမရှိသည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီး လူထုအကြား အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးခဲ့သည့်လက ထိုသို့ စက်သုံးဆီဝယ်ယူ၍မရသည့် ဖြစ်စဉ်အပေါ် စျေးနှုန်းများကျဆင်း၍ လုပ်ငန်းရှင်များကမရောင်းဘဲ သိမ်းဆည်းထားခြင်းဟု လူထုအကြား ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ကာ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
စက်သုံးဆီကြီးကြပ်ရေးကော်မတီ၏ ယနေ့ စက်သုံးဆီရည်ညွန်းစျေးနှုန်းမှာ ရန်ကုန်မြို့၌ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၁၄၅ ကျပ်တို့ ရှိကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ – #မောင်ဇော်
ပုံစာ – ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်ကို ယခုလအတွင်း တွေ့ရစဉ်
စက်သုံးဆီရှိလျက် ရောင်းချမပေးသည့် ရန်ကုန်မြို့မှ စက်သုံးဆီဆိုင်သုံးဆိုင်အား အရေးယူ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်