စက်သုံးဆီတင်သွင်းရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလဲနှုန်း ညှိနှိုင်းလျက်ရှိ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉

လယ်ယာထွက်ကုန် ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းမှုအတွက် ပေးချေရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် ငွေလဲ နှုန်းသတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းလျက်ရှိကြောင်း UMFCCI သွင်းကုန်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

UMFCCI မှ ဒုတိယဥက္ကဋ္ဌတစ်ဦး၏ ပြောပြချက်အရ ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ဒီဇယ်နှင့် ပရီမီယံဒီဇယ် တင်သွင်းခြင်း အတွက်ပဲ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီလိုတော့ ကြားတာပဲ။ ဘယ်ဈေးနဲ့ ဘယ်လိုဆိုတာ တိတိကျကျ မသိရဘူး။ အခုမှ ညှိနှိုင်းတုန်း။” ဟု UMFCCI နှင့်နီးစပ်သည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) က ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းခြင်းအတွက် ပြည်ပသို့ပေးချေ ရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည်ဟု ပြီးခဲ့သည့်ဒီဇင်ဘာလကတည်းက အသိပေးထားကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ AD လိုင်စင်ရ ဘဏ်များအကြား ညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“သွင်းတာကရတယ်။ ဒေါ်လာကို ဈေးဘယ်လောက်နဲ့ ဖြတ်မလဲပေါ့။ ပြန်သွင်းတာက ဒေါ်လာအခက်အခဲရှိတယ်။ အဲဒါကို အရင်ဖြေရှင်းပေးရမှာ။” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်‌ဦး က အကြံပြုထားသည်။

ဗဟိုဘဏ်မှလည်း စက်သုံးဆီတင်သွင်းခြင်းအပါအဝင် သွင်းကုန်အတွက် နိုင်ငံခြားငွေသုံးစွဲရသူများကို ဦးတည်ကာ နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ ဒေါ်လာ ၅၁ သန်းကျော်ကို လေးကြိမ်ခွဲ၍ ရောင်းချပေးထားကြောင်း သိရသည်။

လက်ရှိမှာ ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်၌ နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ယခုရက်ပိုင်းတွင် အတက်၊ အကျမရှိဘဲ တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေး ငြိမ်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

စက်သုံးဆီတင်သွင်းရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလဲနှုန်း ညှိနှိုင်းလျက်ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.