ရန်ကုန်၊ ဒီဇင်ဘာ ၈
ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စက်သုံးဆီတင်သင်္ဘောများ ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေသော်လည်း ငွေမချေသေးသဖြင့် ဆီမချပေးပဲ စောင့်ဆိုင်းနေကြောင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်တွင် မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ စက်သုံးဆီများတင်ဆောင်လာသည့် သင်္ဘော ၁၁ စီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး မြန်မာနိုင်ငံ ဘက်မှ ဆီဖိုးငွေကို အကျေမချေသည့်အတွက် ဆီမချပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဗဟိုဘဏ်က ဒေါ်လာကို အရင်ကလို သတ်မှတ်ရည်ညွှန်းဈေးနဲ့ မရောင်းပေးတော့ဘူး။ အပြင်ပေါက်ဈေးအတိုင်း ပြင်ပကနေဝယ်ရမယ်ဆိုတော့ ဆီတင်သွင်းတဲ့သူတွေအတွက် ဝန်ပိုပြီးပိလာတယ်။ အရင် ဗဟိုဘဏ်က ဒေါ်လာကို ၂၉၂၀ နဲ့ရောင်းပေးတယ်။ အဲဒီအချိန် အပြင်မှာဒေါ်လာက ၃၅၀၀ ဈေးပေါက်တယ်။ အခုအပြင်ဈေးကွက်က ဒေါ်လာဝယ်ရ မယ်ဆိုတော့ ဒေါ်လာဈေးတက်လာနေတဲ့အတွက် ဆီတင်သွင်းလာတဲ့သူတွေက အခြေအနေကိုစောင့်ကြည့်ပြီး ငွေအကျေမချေသေးတဲ့အတွက် ဟိုဘက်ကလဲ ဆီမချပေးဘူး။” ဟု ဆီတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်တွင် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသူများ အပါအဝင် ပြည်ပသို့ ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ထား သည့် တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရမည့်စနစ်ကို ပယ်ဖျက်လိုက်ပြီး ပို့ကုန်ရငွေအားလုံးကို ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုထား ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
စက်သုံးဆီတင်သင်္ဘောများ ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေသော်လည်း ငွေမချေပေးသဖြင့် ဆီမချပေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်