ရန်ကုန်၊ အောက်တိုဘာ ၃
စက်သုံးဆီစျေးနှုန်းများ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ဆက်တိုက်ကျဆင်းလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ယနေ့ စက်သုံးဆီ ရန်ကုန်ပေါက်ဈေးမှာ 92 တစ်လီတာလျှင် ၂၀၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၄၅ ကျပ်သို့ ရောက်ရှိလာပြီး မန္တလေးမြို့၌ 92 တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၂၁၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၅၉၅ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီစျေးနှုန်းများသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က အမြင့်ဆုံးစျေးနှုန်းများအဖြစ် ရန်ကုန်စျေးကွက်၌ 92 တစ်လီတာလျှင် ၂၄၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၅၆၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၆၅၀ ကျပ်သို့အသီးသီး ရောက်ရှိခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် နေ့စဉ််နီးပါး စျေးနှုန်းပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
“ ဒီရက်ပိုင်း နေ့တိုင်းနီးပါး စျေးတောက်လျောက်ကျနေတာ။ ဒီ့ထက် စျေးထက်ကျပြီး ၂၀၀၀ အောက်ဆို ပိုကောင်းတာပေါ့။ အခုစျေးနှုန်းတွေက လွန်ခဲ့တဲ့သုံးလလောက်ကစျေးကို တော့ ပြန်မရောက်သေးဘူး။” ဟု ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အခြားပြည်နယ်နှင့် တိုင်းအသီးသီးတွင်လည်း ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းများ ကျဆင်းလျက်ရှိနေကာ ယနေ့တွင် ဒေသအများအပြား၌ 92 တစ် လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာလျှင် ၂၂၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၆၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ယနေ့တွင် 92 တစ်လီတာလျှင် ၃၂၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၃၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃၃၅၀ ကျပ်ရှိကြောင်း သိရပြီး။ အဆိုပါစျေးနှုန်းမှာ ယခင်ရက်များကထက် ကျဆင်းလာသည့်စျေးနှုန်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စက်သုံးဆီစျေးနှုန်းများသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့ စျေးကွက် ၌ 92 တစ်လီတာလျှင် ၁၉၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာလျှင် ၂၀၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင် ရှိနေရာမှ ဇူလိုင်လလယ်ပိုင်းမှစ၍ စျေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့စဉ်က စက်သုံးဆီအသုံးပြု၍ လုပ်ကိုင်နေသော လုပ်ငန်းများအားလုံး ကုန်ကျစရိတ်ကြီးမြင့်မှု အခက်အခဲအား ကြုံတွေ့ခဲ့ရကြောင်း ဒေသ အသီးသီးတွင် နေထိုင်သူများက ပြောသည်။
သတင်း/ ဓါတ်ပုံ- မောင်ဇော်
ပုံစာ- ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်အား ယနေ့တွင် တွေ့ရ စဉ်။
စက်သုံးဆီစျေးနှုန်းများ နေ့စဉ်နီးပါး ဆက်တိုက်ကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်