စက်သုံးဆီစျေးနှုန်းများ ကျပ် ၂၀၀၀ အထက် ပြန်လည်ရောက်ရှိလာ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ယခင်ရက်ပိုင်းက ကျပ် ၂၀၀၀ အောက်ရောက်ရှိခဲ့သည့် စက်သုံးဆီစျေးနှုန်းများသည် ယခုရက်အတွင်း ကျပ် ၂၀၀၀ အထက် ပြန်လည်ရောက်ရှိလာကြောင်း စက်သုံးဆီစျေးကွက် အတွင်းမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့အပါအဝင် မြို့အများအပြားတွင် 92 တစ်လီတာလျှင် ကျပ် ၂၀၀၀ အောက်၊ 95 တစ်လီတာလျှင် ကျပ် ၂၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းခဲ့ပြီး နောက် ယမန်နေ့မှစ၍ ဆီအမျိုးအစားအလိုက် ကျပ် ၂၀၀၀ အထက်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ယနေ့ရန်ကုန်မြို့၏ စက်သုံးဆီပေါက်ဈေးမှာ 92 တစ်လီတာလျှင် ၂၀၁၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၁၁၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၉၅ ကျပ်တို့ဖြစ်ကာ၊ မန္တလေးမြို့၌ 92 တစ်လီတာလျှင် ၂၀၆၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၄၅ ကျပ်တို့ဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ မနေ့ထဲက ကျပ် ၂၀၀၀ အထက်ကို ပြန်ရောက်လာတာ။ အရင်ရက်တွေကထက် ဆီအမျိုးအစားအလိုက် တစ်လီတာကို ၁၀၀၊ ၂၀၀ ကျပ်တွေ ပြန်တက်လာတာ။” ဟု အငှါးယာဉ် မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခင်ရက်ပိုင်းက နေ့စဉ်နှင့်အမျှ စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာချိန်၌ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီဆိုင်အများစုအပါအဝင် မြို့အများအပြားရှိ စက်သုံးဆီဆိုင်များ တွင် 92 နှင့် 95 အမျိုးအစားဆီများ ပြတ်လပ်နေသည်ဟုဆိုကာ ရောင်းချခြင်းမရှိခဲ့၍ ယာဉ်မောင်းအများစု အခက်အခဲကြုံတွေ့ခဲ့ရပြီး ယခုအခါ ပြန်လည်ဝယ်ယူ၍ရပြီဖြစ် ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။

“ ဆီစျေးကျသွားတဲ့အချိန်တုန်းက သီလဝါမှာ ဆီပြတ်နေလို့ဆိုပြီး ဆိုင်အများစုက မနက်ပိုင်း အရောင်းပြပြီး၊ နေ့ခင်းလောက်ဆို မရှိတော့ဘူးဆိုပြီး မရောင်းကြဘူး။ အခုဆီစျေး ပြန်တက်လာတော့ ဆိုင်တွေတော်တော်များများမှာ ဝယ်လို့ပြန်ရနေပြီ။” ဟု အငှါးယာဉ်မောင်းတစ်ဦးက ပြောသည်။

အခြားပြည်နယ်နှင့် တိုင်းအသီးသီးတွင်လည်း စက်သုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာကာ ယနေ့တွင် ဒေသအများအပြား၌ 92 တစ်လီတာလျှင် ၂၀၀၀ ကျပ်မှ ၂၁၀၀ ကျပ် ဝန်းကျင်၊ 95 တစ်လီတာလျှင် ၂၁၀၀ ကျပ်မှ ၂၂၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၃၀၀ကျပ်မှ ၂၄၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။

သယ်ယူပို့ဆောင်မှု အခက်အခဲကြောင့် အခြားဒေသအသီးသီးထက် စက်သုံးဆီစျေးနှုန်း ကြီးမြင့်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ယနေ့တွင် 92 တစ်လီတာလျှင် ၂၉၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၀၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃၂၉၀ ကျပ်ရှိကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့ စျေးကွက်၌ 92 တစ်လီတာလျှင် ၁၉၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာလျှင် ၂၀၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ ဇူလိုင်လလယ်ပိုင်းမှစ၍ စျေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က 92 တစ်လီတာလျှင် ၂၄၀၀ ကျပ်၊ 95 တစ် လီတာလျှင် ၂၅၃၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၆၁၀ ကျပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာလကုန်ပိုင်းမှ ယခင်ရက်ပိုင်းအထိ စျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့စဉ်က စက်သုံးဆီအသုံးပြု လုပ်ကိုင်နေရသော လုပ်ငန်းများအားလုံး ကုန်ကျစရိတ်ကြီးမြင့်မှု အခက်အခဲအား ကြုံတွေ့ခဲ့ရကြောင်း ဒေသ အသီးသီးတွင် နေထိုင်သူများက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်း၌ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးလည်း မြင့်တက်လာနိုင်၍ လာမည့်ရက်ပိုင်းအတွင်း စက်သုံးဆီ စျေးများ အနည်းငယ်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။

သတင်း/ ဓါတ်ပုံ- မောင်ဇော်

ပုံစာ- ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်အား ယမန်နေ့က တွေ့ရစဉ်။

#ယနေ့ခေတ်

စက်သုံးဆီစျေးနှုန်းများ ကျပ် ၂၀၀၀ အထက် ပြန်လည်ရောက်ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.