ရန်ကုန်၊ ဒီဇင်ဘာ ၁
မြန်မာနိုင်ငံရှိ စက်မှုဇုန်လုပ်ငန်းရှင်များအား သွင်းကုန်လိုင်စင်ချပေးပြီး မိမိတို့အစီအစဉ်ဖြင့် စက်သုံးဆီတင်သွင်းရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ညွှန်ကြားထားကြောင်း သိရ သည်။
ယခင်က စက်မှုဇုန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စက်သုံးဆီရောင်းချပေးခဲ့သော်လည်း ယခုအခါတွင် သက်ဆိုင်ရာက သွင်းကုန်လိုင်စင်ထုတ်ပေးကာ မိမိတို့ကိုယ်တိုင် တင်သွင်း ကြရန် ညွှန်ကြားထားကြောင်း စက်မှုဇုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
“အခု သူတို့က မရောင်းပေးတော့ဘူး။ ကိုယ့်ဘာသာတင်သွင်း၊ သူတို့က သွင်းကုန်လိုင်စင် ချပေးမယ်ပြောတယ်။ အဆင်မပြေဘူးလေ။ အဲဒီတော့ ပို့ကုန်ရငွေကို သူတို့သတ်မှတ် ထားတဲ့ ၅၀/၅၀ မှာကျန်တဲ့ ၅၀ ကို အပြင်ပေါက်ဈေးနဲ့ ရောင်းခွင့်ပြုပေးဖို့ တင်ပြထားတယ်။” ဟု ဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
စက်မှုဇုန်လုပ်ငန်းရှင်များ၏ မိမိအစီအစဉ်ဖြင့် စက်သုံးဆီတင်သွင်းမှုသည် ဒီ ဇင်ဘာ ၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရပြီး၊ လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်း ကို ပြင်ပဈေးကွက်နှုန်းထားဖြင့် လွတ်လပ်စွာရောင်းချခွင့်ပြုရန် ပြန်လည်တောင်းဆိုထားကြောင်း သိရသည်။
နိုဝင်ဘာ ၃၀ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၁၇၀ ကျပ်နှင့် ၉၅ တစ်လီတာ ၂၃၀၀ ကျပ်နှုန်းဖြင့် စက်သုံးဆီအရောင်းဆိုင်များက သတ်မှတ်ရောင်းချခဲ့သော်လည်း ယနေ့ဒီဇင်ဘာ ၁ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီက ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်ဟု သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
စက်မှုဇုန်လုပ်ငန်းရှင်များ မိမိအစီအစဉ်ဖြင့် စက်သုံးဆီတင်သွင်းရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်