စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထား ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇

စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ တင်ပို့မှုမှ ကန်ဒေါ်လာ ၄၂ သန်းရရှိထားပြီး ဆန်နှင့် ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီပေါင်း ၄၂ ခုမှ ဆန်တန်ချိန် ၅၃,၇၆၁ တန်နှင့် ဆန်ကွဲတန်ချိန် ၃၁,၀၁၁ ကို ပြည်ပနိုင်ငံပေါင်း ၄၀ သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ ၇၇,၅၇၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၇,၁၉၈ တန်ကိုတင်ပို့ခဲ့ကြောင်း သိရသည်။

“ ဆန်ကတော့ ပင်လယ်ရေကြောင်းက အများဆုံးတင်ပို့တာပေါ့။ နယ်စပ်ကနေ ဆန်တင်ပို့မှုက ရပ်ဆိုင်းလုနီးပါးဖြစ်နေတာ။ အဓိက ၅၀/၅၀ ကြောင့်။ ကုန်သည်တွေက အခြေအ နေစောင့်ကြည့်နေတုန်းပဲ ရှိသေးတယ်။” ဟု နယ်စပ်မှ ဆန်တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ ၅၀ ရာ ခိုင်နှုန်းကို ဒေါ်လာမှကျပ်ငွေသို့ ပြောင်းလဲရခြင်းဖြစ်ပြီး ကျပ်ငွေ လဲလှယ်သည့်နေရာတွင်လည်း ဗဟိုဘဏ်ကသတ်မှတ်ထားသည့် အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့်သာ လဲလှယ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာအတွင်း ပြည်ပနိုင်ငံများသို့ ကန်ဒေါ်လာသန်းပေါင်း ၂၀၈ တန်ဖိုးရှိသည့် ဆန်နှင့် ဆန်ကွဲတန်ချိန် လေး သိန်းခြောက်သောင်းကျော် တင်ပို့ထားကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် အာရှ၊ အာဖရိကနှင့် ဥရောပ နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးများမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.