ငွေလိမ်ဂိုဏ်းတွင်ပါဝင်သည့် တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် အရာရှိနှစ်ဦးကို ဝတပ်ဖွဲ့မှ ထုတ်ပယ်

ရန်ကုန်၊ အောက်တိုဘာ ၁၇

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အများပြည်သူလုံခြုံရေးဌာနမှ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးပေးသူအား ဆုငွေပေးမည်ဟု ကြေညာခံထားရသည့် အရာရှိနှစ်ဦးအား ထုတ်ပယ်ကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)မှ စာထုတ်ပြန်ထားသည်။

ယမန်နေ့ ရက်စွဲဖြင့် တရုတ်ဘာသာဖြင့် ရေးသားထုတ်ပြန်ထားသော အဆိုပါစာတွင် ပါတီ၏ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက လေ့လာပြီးနောက် ဝ ပြည်အစိုးရ၏ ဂုဏ်သိက္ခာ နှင့် ပတ်ဝန်းကျင်နိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ၎င်းတို့နှစ်ဦးအား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဝ တပ်ဖွဲ့နှင့် ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီမှပါ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ ထိုထုတ်ပြန်ချက်အပေါ် လားရှိုးမြို့အခြေစိုက် ဝ တပ်ဖွဲ့ (UWSA) ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံ ယနေ့ခေတ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ ထုတ်ပြန်ချက်အတိုင်းပါပဲ။ ဟုတ်မှန်ပါတယ်။” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးမှာ လက်ရှိအချိန်အထိ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း မရှိ သေးဘဲ ၎င်းတို့နှစ်ဦး မည်သည့်နေရာတွင်ရှိနေကြောင်းကို မသိရှိကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ပြောကြားသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)၏ အရာရှိနှစ်ဦးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အများပြည်သူ လုံခြုံ ရေးဌာနမှ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးပေးသူအား ဆုငွေပေးမည်ဟု ကြေညာထားကြောင်း အောက်တိုဘာ ၁၂ ရက်က တရုတ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးအနက် တစ်ဦးမှာ ဝ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးဖြစ်သူ ပေါက်အိုက်ပန်း(ခ) ပေါက်ယန်ပန်(ခ) ချန်ယန်ပန် ဆိုသူဖြစ်ပြီး ၎င်းမှာ ဝ အဖွဲ့ ၏ခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူဖြစ်ကာ ယခင်က ဝ လက်နက်ကိုင်အဖွဲ့၏ အမှတ် ၄၆၈ တပ်မဟာမှူးတာဝန်အား ထမ်းဆောင်ခဲ့သူဟု သတင်းဖော်ပြချက်အရ သိရသည်။

နောက်တစ်ဦးမှာ ဝ နယ် မိုင်းလင်းခရိုင်မှူး၊ ရှောက်ဟော်(ခ) အိုက်ဟော်(ခ) ဟော်ချွင်ထင် ဆိုသူဖြစ်ပြီး ၎င်းမှာ ဝ အဖွဲ့၏ခေါင်းဆောင် ပေါက်ယူချန်း၏ သမက်ဟောင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများနှင့် ဆက်စပ်နေသူများဖြစ်သည်ဟုဆိုထားပြီး သူတို့နှစ်ဦးအား ဖမ်းဆီးပေးပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ ဆုချီးမြှင့်မည်ဟု တရုတ်ဘက်မှ ကြေညာထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း ကိုးကန့်ရှိ မြန်မာနိုင်ငံသား တရုတ်လူမျိုးလုပ်ငန်းရှင်များမှာ တရုတ်အမျိုးသားအောင်ပွဲနေ့အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ထိုအထဲမှ ၁၁ ဦးမှာ ကျားဖျန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်နေသည်ဆိုကာ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၌ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ထိုဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လည်လွတ်မြောက်စေရန် ၎င်းတို့၏မိသားစုများက တရုတ်အစိုးရထံဆက်သွယ်၍ ကူညီပေးပါရန် နစကထံ အကူအညီတောင်းခံထားသည်ဟု အတည် မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

လက်ရှိ၌ တရုတ်နိုင်ငံတွင် အွန်လိုင်းရာဇဝတ်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ ထိုရာဇဝတ်မှုများမှာ မြန်မာ၊ ထိုင်း အပါအဝင် ၎င်း၏အိမ်နီးချင်း နိုင်ငံအချို့မှ တစ်ဆင့် လည်း ဖြစ်ပေါ်နေကြောင်း သုံးသပ်မှုများရှိ၍ တရုတ်အစိုးရ တာဝန်ရှိသူများက အိမ်နီးချင်းနိုင်ငံ အစိုးရများအား အွန်လိုင်းရာဇဝတ်ဂိုဏ်းများအား နှိမ်နင်းရန် ဖိအားပေးမှုများ ရှိနေ ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ချင်ကန်း၏ နေပြည်တော်သို့ လာရောက်သည့်ခရီးစဉ်၌ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားမဝင်လုပ်ငန်း များ လုပ်ကိုင်နေသူများအား အရေးယူရန် နစကဥက္ကဌအား တိုက်တွန်းပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် လများအတွင်းက ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေသည်ဆိုသူ ဝ နှင့် ကိုးကန့်ဒေသများမှ တရုတ်နိုင်ငံသား ထောင်ချီကို ဒေသအာဏာပိုင်များက ဖမ်းဆီး ၍ တရုတ်နိုင်ငံထံ ပို့ဆောင်ပေးခဲ့ပြီး မြန်မာရဲတပ်ဖွဲ့မှလည်း ဖမ်းဆီးရမိသည်ဟုဆိုသူ အွန်လိုင်းငွေကြေးလိမ်လည်နေသည့် တရုတ်နိုင်ငံသား ၅၀ ထက်မနည်းကို ရန်ကုန်လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံး၏ တရားဝင်သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။

မောင်ဇော်

Photo – China media , UWSA

#ယနေ့ခေတ်

ငွေလိမ်ဂိုဏ်းတွင်ပါဝင်သည့် တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် အရာရှိနှစ်ဦးကို ဝတပ်ဖွဲ့မှ ထုတ်ပယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.