ရန်ကုန် ၊ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွှေသောင်ယံမြို့တွင် တိုက်ပွဲများဖြစ်နေသည်ဟု သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံခရီးစဉ်များအ တွက် လက်မှတ်ရောင်းချမှုများကို ရပ်နားထားကြောင်း ခရီးသွားကုမ္ပဏီများ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် ခရီးသွားကုမ္ပဏီများအနေဖြင့် လက်မှတ်ရောင်းချပေးမည့်ရက်ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် လက်မှတ်ဝယ်ယူထားသည့်သူများသည် ဈေး လျှော့၍ လက်မှတ်ပြန်ရောင်းလာကြကြောင်း သိရသည်။
“ လောလောဆယ်တော့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံခရီးစဉ်တွေကိုတော့ ရပ်နားထားပါတယ်။ ဘယ်တော့လောက် ပြန်ဖွင့်မလဲဆိုတာတော့ မပြောတတ်ဘူး။ ပြန်ဖွင့်မယ့်ရက်ကို အသိပေးပါမယ်။” ဟု ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းခရီးသွားအများစုသည် နယ်မြေဒေသအေးချမ်းသည့် ဧရာဝတီတိုင်းရှိ ကမ်းခြေခရီးစဉ်များကို အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများသို့ စုစုပေါင်းခရီးသွား ၄၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၁၆ သိန်းကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၈ သိန်းကျော် သွားရောက်ခဲ့ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ- ယနေ့ခေတ်
#ယနေ့ခေတ်
ငွေဆောင်၊ ချောင်းသာ နှင့် ရွှေသောင်ယံခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှု ရပ်နားထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်