ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ထဲရှိ ဘောမိကျေးရွာ၌ တိုက်ပွဲများဖြစ်ပြီးနောက် ငွေဆောင်နှင့် ချောင်းသာသို့ လာရောက်လည်ပတ်သူ အလွန်နည်းပါးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလသည် ခရီးသွားဧည့်သည် အဝင်များရမည်ဖြစ်သော်လည်း နိုင်ငံရေးအခြေအနေများကြောင့် လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးသွားကြောင်း သိရသည်။
“ ပုံမှန်ဆို ဒီချိန်က ဧည့်သည်များတတ်တယ်။ ခုကျတော့ ဘယ်သူမှသိပ်မလာတော့ဘူး။ ဈေးသည်တွေဆိုလည်း ဧည့်သည်မျှော်ရတာအမော။ တချို့ဟိုတယ်တွေဆို လူမရှိသလောက်ပဲ။ ပိတ်ထားလိုလည်းမရဘူး။ ဒီတိုင်းကြီးဖွင့်ထားရတာ။ ကလေးတွေစာမေးပွဲပြီးရင် တစ်ချက်စောင့်ကြည့်ရမှာပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာက ချောင်းသာနဲ့ဆို ၉ မိုင်လောက်ပဲဝေးတာ။” ဟု ငွေဆောင်ကမ်းခြေရှိ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြည်တွင်းခရီးသွားဧည့်သည်အများစုသည် နယ်မြေဒေသအေးချမ်းသည့် ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်နှင့် ချောင်းသာသို့ သွားရောက်လည်ပတ်လျက်ရှိပြီး ရွှေသောင်ယံကမ်းခြေကိုမူ ယခင်ကတည်းက သွားရောက်သူနည်းပါးကြောင်း သိရသည်။
ဇန်နဝါရီ ၁၆ ရက်၊ ည ၁ နာရီဝန်းကျင်ကစတင်ပြီး အာရက္ခတပ်တော် AA နှင့် နစကတပ်တို့ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲကြောင့် ဘောမိ၊ ချိုင်လယ် (မကျီးဇင်)၊ တောင်နီမော်၊ မီးလောင်ချိုင်၊ ကျွန်းချောင်း စသည့်ကမ်းခြေဒေသရှိ ဒေသခံများသည် ရွှေသောင်ယံမြို့နှင့် သပေါ့ကန်၊ သဲကုန်း၊ အုန်းချောင်းနှင့် ရွှေသောင်ယံရပ်ကွက်ဘက်သို့ အရေးပေါ်စစ်ဘေးရှောင်နေရကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
ငွေဆောင်နှင့်ချောင်းသာသို့ လာရောက်လည်ပတ်သူ အလွန်နည်းပါးသွား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်