ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် အလုပ်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသားအမျိုးသမီးထံမှ ငွေကြေးနှင့် ရွှေဆွဲကြိုးခိုးယူရန် ကြိုးပမ်းခဲ့သော မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက် ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းအလုပ်ရှင်ကိုတိုက်ခိုက်ကာ ပစ္စည်းများခိုးယူခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် အလျင်မြန်သွားရောက်စစ်ဆေးခဲ့ရာ အလုပ်ရှင်ဖြစ်သူ ဆူပဟတ်ထရာကို ဝမ်းဗိုက်နှင့် ဘယ်ဖက်လက်၊ ကျောကုန်းများတွင် ဒဏ်ရာအများအပြားရရှိနေခြင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ Chang Puak ရဲစခန်း တာဝန်ရှိသူများက ပြောသည်။
အလုပ်ရှင်ဖြစ်သူ ဆူပဟတ်ထရာက အသက် ၁၉ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးအလုပ်သမား Waewdao သည် ၎င်းအိပ်နေချိန်တွင် အခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကိုခိုးယူရန် ကနဦးကြိုးပမ်းနေချိန်တွင် ၎င်းနိုလာခဲ့ရာ မြန်မာအမျိုးသမီးက ဓါးကိုအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
မြန်မာအမျိုးသမီး၏ ထိုးနှက်တိုက်ခိုက်မှုများကို ကာကွယ်ရန်ကြိုးပမ်းခဲ့ကြောင်း၊ မြန်မာအမျိုးသမီးသည် ၎င်းကိုတိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း၊ ဆူပဟတ်ထရာကထွက်ဆိုထားသည်။
မြန်မာအမျိုးသမီးသည် ဘတ် ၉၀၀၀ တန်ဖိုးရှိ ရွှေဆွဲကြိုးနှင့် ငွေသားဘတ် ၃၀,၀၀၀ ကျော်ကို ရှာဖွေယူဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဆူပဟတ်ထရာက ထပ်မံပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအမျိုးသမီးကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ရာ Lamphun အရပ်ဒေသရှိ ၎င်း၏အကိုအိမ်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့နိုင်ခဲ့ကြောင်း၊ ၎င်းကို ဖမ်းဆီးရမိချိန်တွင် ထိုင်းဘတ် ၇၅၀၀ ကျော်နှင့်အတူ ခိုးယူထားသော ရွှေဆွဲကြိုးကို သိမ်ဆည်းရမိခဲ့သလို အိမ်ရှင်ဖြစ်သူကို တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သော အရှည် ၁၂ လက်မရှိ ဓါးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာအမျိုးသမီးက ၎င်း၏အကိုဖြစ်သူ ငွေကြေးလိုအပ်နေသည့်အတွက် အလုပ်ရှင်ဖြစ်သူထံ ငွေကြေးတောင်းဆိုခဲ့ရာ အလုပ်ရှင်ဖြစ်သူက ပေးရန်ငြင်းဆန်သည့်အတွက် စိတ်ဆိုးဒေါသဖြစ်ကာ ငွေကြေးရရှိရန်အတွက် အလုပ်ရှင်ဖြစ်သူကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
ကောင်းထက်ငွေ
thethaiger.com/news
ငွေကြေးနှင့် ရွှေဆွဲကြိုးခိုးယူရန်အတွက် အလုပ်ရှင်ကိုရန်ပြုခဲ့သော မြန်မာအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်