ရန်ကုန်၊ စက်တင်ဘာ ၉
လှိုင်သာယာမြို့နယ်၌ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုသုံးဦးအား သတ်ဖြတ်ခဲ့ကာ ရွှေနှင့် ငွေများလုယက်သွားသူကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသားသည် သတ်ဖြတ်ခံရသည့် မိသားစုထံမှ ငွေကျပ်နှစ်သိန်း ချေးယူရာ မရသဖြင့် ကလေးငယ်အပါအဝင် မိသားစုဝင် သုံးဦးစလုံးအား ဓါးဖြင့်ခုတ်ကာ လုယက်မှု ကျုးလွန်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။
“ သူက အရင်ကလည်း အဲ့ဒီ လင်မယားဆီက ငွေချေးထားဖူးပြီး မရသေးတော့ သူတို့ကငွေထပ်မချေးကြဘူး။ အဲ့တာကို သူက အသင့်ယူလာတဲ့ဓါးနဲ့ ခုတ်သတ်လိုက်ပြီး ကုတင်ပေါ် မှာရှိနေတဲ့ သူတို့ရဲ့ကလေးကိုပါ သတ်ဖြတ်ပြီး လုယက်တာလို့ သိရတယ်။ အမှုကတော့ ဆက်လက်စစ်နေတုန်းပဲ။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တစ်အိမ်တွင် အသက် ၅၉ အရွယ် အိမ်ရှင်အမျိုးသား၊ အသက် ၅၂ နှစ်အရွယ် ၎င်း၏ဇနီးနှင့် အသက် ၉ နှစ်အရွယ် ၎င်းတို့၏သားအား ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ခဲ့ရပြီး အလောင်းအား ဆေးရုံသို့ပို့ဆောင်ကာ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခြင်းဖြစ်သည်။
အလားတူ ဩဂုတ် ၃၀ ရက်ကလည်း ပုဇွန်တောင်မြို့နယ်၊ (၈)ရပ်ကွက်၊ မြောင်း ကြီးလမ်းရှိ ၈ လွှာတိုက်ခန်း၌ တစ်ဦးတည်းရှိနေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးအား သူမ အမြဲတမ်း၍ငှားရမ်းစီးနင်းလေ့ရှိသည့် ဆိုက္ကားဆရာတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးက သတ်ဖြတ်ကာ ရွှေထည်များလုယက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိထားကြောင်း သိရသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ငွေကျပ် ၂သိန်းမချေးသဖြင့် ကလေးတစ်ဦးအပါအဝင် မိသားစုသုံးဦးအား သတ်ဖြတ်ခဲ့ ဟု စစ်ဆေးပေါ်ပေါက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်