ကိဗ်၊ ဇွန် ၁၃
ယူကရိန်းသမ္မတ ဇိလန်စကီးသည် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ယူကရိန်းငြိမ်းရေးထိပ်သီးအစည်းအဝေးကို တရုတ်အစိုးရတာဝန်ရှိသူများ တက်ရောက်ရန် ငြင်းပယ်ခြင်းကိုစိတ်ပျက်နေကြောင်း သိရသည်။
ဆွတ်ဇာလန်နိုင်ငံတွင် လာမည့်သီတင်းပတ်အတွင်းကျင်းပမည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရုရှားအစိုးရတာဝန်ရှိသူများကို ဖိတ်ကြားခြင်းမပြုသည့်အတွက် တရုတ်နိုင်ငံအပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးသည် အဆိုပါထိပ်သီးအစည်းအဝေးတွင် ရုရှားနှင့်ဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် အဆိုပြုချက်များကို တင်ပြသွားဖွယ်ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ ထိပ်သီးခေါင်းဆောင်များ ကိုယ်တိုင်တက်ရောက်မည်မဟုတ်ဘဲ အစိုးရအဖွဲ့တာဝန်ရှိသူများကိုသာ စေလွှတ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
အဆိုပါထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးသည် အချက် ၁၀ ချက်ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်များကို တင်ပြသွားဖွယ်ရှိနေပြီး၊ ယူကရိန်းပိုင်နက်အတွင်းမှ ရုရှားတပ်ဖွဲ့ဝင်များ အပြီးတိုင်ရုတ်သိမ်းရေးအချက်ကိုလည်း ထည့်သွင်းတောင်းဆိုဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါထိပ်သီးအစည်းအဝေးကို G7 အဖွဲ့၊ G20 အဖွဲ့ ဝင်နိုင်ငံများမှ တာဝန်ရှိသူများအပါအဝင် နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။
တရုတ်အစိုးရ တာဝန်ရှိသူများက အဆိုပါထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား တန်းတူအခွင့်ရေးရရှိသင့်ကြောင်း၊ ရုရှားအစိုးရ တာဝန်ရှိသူများကို မဖိတ်ကြားခြင်းမျိုး မဖြစ်သင့်ကြောင်း ပြောဆိုထားသည်။
ရုရှားအစိုးရက ၎င်းတို့သည် အဆိုပါအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်းမခံရကြောင်း၊ ယူကရိန်းသမ္မတ၏ အစီအစဉ်ကို လက်မခံနိုင်ကြောင်း ပြောသည်။
ကောင်းထက်ငွေ
rt.com/news
ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ယူကရိန်းသမ္မတ စိတ်ပျက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်