ရေကြည်၊ ဩဂုတ် ၂၀
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါသိုင်းချောင်းမြို့တွင် လက်နက်များသယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများထံမှ သိရ သည်။
ယမန်နေ့ သြဂုတ် ၁၉ ရက်က ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရီရတနာတည်းခိုခန်း၌ လာရောက်တည်းခိုနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးနှင့်အတူ လက်နက်များကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြာင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူနှစ်ဦးသည် ရန်ကုန်မြို့တွင်နေထိုင်သူ ကိုငြိမ်းဇော်ထူးဆိုသူနှင့် ကိုစိုးမင်းအောင်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့မောင်းလာသည့် မော်တော်ယာဉ်အတွင်းမှ မတပ်ဆင်ရ သေးသည့် M-4 သေနတ် ၃ လက်၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည်များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီး စပ်သူတစ်ဦးက ပြောသည်။
“ တပ်က ဦးဆောင်ဖမ်းတာတဲ့ သတင်းအရဖမ်းတာလို့ပဲ သိရတာ။ အဖမ်းခံရတဲ့ ကောင်းလေး ၂ ဦးမောင်းလာတဲ့ ယာဉ်ပေါ်ကနေ လက်နက်တွေမိတာ။ လူတွေကတော့ တည်းခိုခန်း ကနေမိတာ။” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်ပြောသည်။
အဆိုပါလက်နက်များနှင့်အတူ ဖမ်းမိသည့်အမျိုးသားနှစ်ဦးကို ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရဲစခန်း၌စစ်ဆေးနေကြောင်း သိရသည်။
ဝဏ္ဏ
ငါးသိုင်းချောင်းမြို့၌ အမျိုးသားနှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်