ရန်ကုန်၊ စက်တင်ဘာ ၆
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ စားသောက်ဆိုင်တစ်ဆိုင်ရှေ့ Drop Bomb ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၄ ရက်၊ နေ့လည်ပိုင်းက ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်မြေ ရဲစခန်းအနီး၊ မြင်းခြံ-မြို့သာ-တံတားဦးသွား ကားလမ်းပေါ် ရွှေကြယ်စင် စားသောက်ဆိုင်ရှေ့ရှိ ထိုင်ခုံတွင် ထိုင်ကာ စားသောက်နေသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်နှင့် ၎င်း၏ဖခင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့အနီးသို့ ဝေဟင်မှဒရုန်းဖြင့်ပစ်ချသည့်ဗုံး (Drop Bomb) တစ်လုံး ကျရောက်ပေါက်ကွဲ၍ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ သူတို့က ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာမှာနေတဲ့ သားအဖလို့ သိရတယ်။ ဒီဘက်ကို (ငါးဇွန်မြို့နယ်) လာရင်း စားသောက်ဆိုင်မှာထိုင်နေတုန်း ဗုံးပြုတ်ကျလာတာ။ စား သောက်ဆိုင်နားက နယ်မြေရဲစခန်းကို ဒရုန်းနဲ့ဗုံးပစ်ချတာ အဲ့ဒီကိုမကျဘဲ ဆိုင်ရှေ့ပြုတ်ကျတာလို့လည်း အနီးမှာနေတဲ့သူတွေက ပြောတယ်” ဟု ပရဟိတလုပ်ငန်းလုပ်ဆောင် နေသည့် ငါးဇွန်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဗုံးစထိမှန်ခဲ့၍ အသက် ၄ နှစ်အရွယ်ကလေးမှာ ဦးခေါင်းနောက်စိ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဖခင်ဖြစ်သူမှာ ခြေထောက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ မြို့သာတိုက်နယ်ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသနိုင်ရန် ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဒရုန်းတွင် ဗုံးတပ်ဆင်ကာ တိုက်ခိုက်မှုကို ဒေသတွင်းရှိ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့သည်ကို မသိရပေ။
အလားတူ စက်တင်ဘာ ၁ ရက်ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာတွင် ဝေဟင်မှ Drop Bomb ၃ လုံး ရွာတောင်ပိုင်းရှိ နွားတင်းကုပ်တစ်ခုပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့၍ အသက် ၉၀ အရွယ်အဖွားတစ်ဦး အပါအဝင် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းရှိ အချို့နေရာများသို့ နစက,က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသကဲ့သို့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့များကလည်း နည်းပညာမြင့်မားသည့် ဒရုန်းများ၊ လက်လုပ်ဒရုန်းများတွင် ဗုံးတပ်ဆင်ကာ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိရာ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း တိုက်ပွဲများဖြစ်ပွားရာဒေသများတွင် နေထိုင်သူများက ပြောသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ငါးဇွန်၌ စားသောက်ဆိုင်ရှေ့ Drop Bomb ကျရောက်ပေါက်ကွဲ၍ သားအဖနှစ်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်