ငါန်းဇွန်၌ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ညနေပိုင်းက Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ညနေ ၅ နာရီက ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာ၊ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်းသို့ ဒရုန်းတွင်ဗုံးချိတ်ဆွဲ၍ တိုက်ခိုက်သည့် (Drop Bomb) တစ်လုံး ကျ ရောက်ပေါက်ကွဲခဲ့ရာ ၉ လသားအရွယ် ကလေးငယ်အား ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ ဒေသခံ ဦးအေးချမ်းဝင်းရဲ့ နေအိမ်ခြံဝန်းထဲကို Drop Bomb ပြုတ်ကျပြီး ပေါက်ကွဲသွားတာ။ အဲ့ဒီအချိန် ၉ လအရွယ် သူ့သားလေးက ကုလားထိုင်ပေါ် အိပ်ပျော်နေချိန် ဗုံးစက သူ့ကိုထိမှန်သွားတာ။ ဆေးကုသမှုခံယူနေပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။” ဟု ငါန်းဇွန်မြို့၌ နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဗုံးစထိမှန်သည့် လသားအရွယ် ကလေးငယ်တွင် ဝဲဘက်ဝမ်းဗိုက်၌ ဒဏ်ရာရ ရှိခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်အပေါ် Drop Bomb ဖြင့် လက်နက်ကိုင်နှစ်ဖွဲ့အကြား အပြန်အလှန်တိုက်ခိုက်ရာမှ လူနေအိမ်ခြံဝန်းအတွင်းသို့ ပြုတ်ကျ၍ ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း၊ မည် သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရကြောင်း ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ မြင်းခြံ- မြို့သာ-တံတားဦးသွား ကားလမ်းပေါ် ရွှေကြယ်စင် စားသောက်ဆိုင်ရှေ့ရှိ ထိုင်ခုံတွင်ထိုင်ကာ စားသောက်နေ သည့် အသက် ၄ နှစ်အရွယ် ကလေးငယ်နှင့် ၎င်း၏ဖခင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့အနီးသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖနှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူခဲ့ရသည်။

တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းရှိ အချို့နေရာများတွင် Drop Bomb ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများရှိပြီး အဆိုပါဗုံးများမှာ ပစ် မှတ်လွဲချော်ကာ လူနေအိမ်များ၊ ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲ၍ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု မကြာ ခဏဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ငါန်းဇွန်၌ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.