ရန်ကုန်၊ နိုဝင်ဘာ ၁၉
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့က အမျိုးသမီးနှစ်ဦးအား သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၆ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာအရှေ့ဘက် တာဘောင်ပေါ်တွင် အမျိုးသမီးနှစ်ဦးကို ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရကြောင်း သိရသည်။
“ သေဆုံးသူတစ်ဦးက အဲ့ဒီကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်းမှာ တာဝန်ကျတဲ့ ကျန်းမာရေးမှူး ဒေါ်တိုးတိုးသန်းနဲ့ သူမနဲ့အတူနေတဲ့ မအေးမွန်ကျော်ဆိုတဲ့ တစ်ယောက်ပါ။ ဘာ့ကြောင့်အသတ်ခံရတယ်တော့ မသိဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်၊ ည ၈ နာရီခန့်က အသက် ၃၈ နှစ်အရွယ် ကျေးလက်ကျန်းမာရေးမှူးနှင့် အတူနေသော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့မှာ ကျေးလက် ဆေးပေးခန်း၌ရှိနေစဉ် လက်နက်ကိုင်ဆောင်ထားသော လူတစ်စုရောက်ရှိလာပြီး ဖမ်းဆီးသွားကာ ယမန်နေ့ (နိုဝင်ဘာ ၁၈) နံနက်ပိုင်းတွင် ကျေးရွာအနီး၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အမျိုးသမီးနှစ်ဦးအား မည်သည့်အဖွဲ့က မည်သည်အတွက်ကြောင့် သတ်ဖြတ်ခဲ့သည်ကို မသိရပေ။
ငါန်းဇွန်မြို့နယ်၌ အရပ်သားများ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့် အောက်တိုဘာလတစ်လအတွင်း ပစ်ခတ်ခံရ၍ သေဆုံးသူ ဆယ် ဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
ငါန်းဇွန်၌ အမျိုးသမီးနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်