ရန်ကုန်၊ အောက်တိုဘာ ၂၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြို့သာ-မန္တလေးသွားကားလမ်းပေါ်တွင် ယမန်နေ့ ညနေပိုင်းက ငါန်းဇွန်မြို့နယ်ရှိ လမ်းဦးစီးအရာရှိနှင့် အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရ၍ သေဆုံး သွားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ညနေ ၃ နာရီကျော်က မြို့သာ-မန္တလေးသွား ကားလမ်းပေါ်၌ ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနှင့် အမျိုးသားတစ်ဦးတို့် Crown အမျိုးအစား မော်တော်ယာဉ်မောင်းနှင် လာစဉ် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာနှင့် ထိန်ပင်ကျေးရွာအရောက် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိသူများက သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရ သည်။
“ လမ်းဦးစီးမှူးက မြင်းခြံမှာ ရုံးလုပ်ငန်းတွေဆောင်ရွက်ပြီး အခြားအမျိုးသားတစ်ဦးနဲ့အတူ ငါန်းဇွန်ကိုပြန်လာချိန် လမ်းမှာအပစ်ခံရတာ။ အချက်ရေက မနည်းဘူး။ ကားမှာတင် ကျည်ပေါက်ရာ အချက် ၂၀ ကျော်တယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရ၍ ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိ ဦးဝင်းစန်းဦးနှင့် အခြားအမျိုးသားတစ်ဦးတို့သည် ဦးခေါင်း၊ နားထင်နှင့် မျက်နှာတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာမှာ ပင်သေဆုံးခဲ့သည်။
၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းအား မြင်းခြံဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
၎င်းတို့စီးလာသည့် မော်တော်ယာဉ်မှာလည်း ပျက်စီးခဲ့ကာ မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးသည် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် အမည်မသိ သူများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေရာမှာပင် သေဆုံးခဲ့သည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနှင့် အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်