ရန်ကုန်၊ စက်တင်ဘာ ၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ယမန်နေ့တစ်ရက်တည်း ဒေသခံ ၁၁ ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့က ပစ်ခတ်ခံရမှုများကြောင့် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာမှ ဒေသခံ ၅ ဦး၊ သံကုန်းကျေးရွာမှ ၃ ဦးနှင့် နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာမှ ၃ ဦး စုစုပေါင်းဒေသခံ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်၊ နံနက် ၄ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာသို့ အမည်မသိအမျိုးသား ၁၅ ဦး ဆိုင်ကယ် ၁၀ စီးဖြင့်ရောက်ရှိလာကာ ကျေးရွာအတွင်းရှိ နေအိမ်အချို့ သို့ သေနတ်ဖြင့်ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၅ ဦးသေ ဆုံးခဲ့ပြီး အသက် ၁၃ နှစ်နှင့် ၉ နှစ်အရွယ် ကလေးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။
“ သူတို့က ဆိုင်ကယ်တွေနဲ့ ရွာထဲဝင်လာပြီး ပစ်ခတ်သွားတာ။ သေဆုံးသူတွေက ဘယ်အဖွဲ့နဲ့မှ ဆက်စပ်တယ်လို့တော့မကြားမိဘူး။ ကလေးနှစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသည့် ငါန်းဇွန်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိခဲ့သူ ကလေးနှစ်ဦးမှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကာ မည်သည့်အဖွဲ့က ကျေးရွာအတွင်း သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို မသိရ ပေ။
ထို့ပြင် စက်တင်ဘာ ၃ ရက်၊ နေ့လည်ပိုင်းက ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာမှ အမျိုးသားသုံးဦး နေအိမ်တစ်လုံးအတွင်းရှိနေစဉ် အမည်မသိအမျိုးသားသုံးဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သုံးဦးစလုံး ကျည်ထိမှန်ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာတွင် နေထိုင်သူ အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို ယမန်နေ့က ကျေးရွာအနီး၌ တွေ့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ အဆိုပါ သေဆုံးသူအမျိုးသားသုံးဦးမှာ စက်တင်ဘာ ၂ ရက်က ကျေးရွာရှိ ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် ဆိုင်ကယ်ဖြင့် လူတစ်စုရောက်ရှိလာကာ ၎င်းတို့ကို ဖမ်းဆီးခေါ် ဆောင်သွားပြီးနောက် ယမန်နေ့ နံနက်ပိုင်းမှ ကျေးရွာအနီးရှိ ဘုန်းတော်ကြီးကျောင်းသို့သွားသည့် လမ်းဆုံတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ခဲ့ရခြင်းဟု သိရသည်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အတွင်း၌ ယခင်လအတွင်းကလည်း လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ယခုလပိုင်း များအတွင်း လုပ်ကြံသတ်ဖြတ်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံတစ်ဦးကပြောသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ငါန်းဇွန်နှင့် နွားထိုးကြီး၌ တစ်ရက်တည်း ဒေသခံ ၁၁ ဦး ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်