ရန်ကုန်၊ ဧပြီ ၂၂
မန္တလေးငလျင်ကြီးတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဖြေဆိုထားသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါဒေသများအနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ နေ့မှ ၂၁ ရက်နေ့အထိ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ၂၀၂၅ ခုနှစ် မတ်လအတွင်းကစစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖြေဆိုခွင့်ရရှိသူများ၏စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံး နှင့် စာစစ်ဌာနများတွင် ကြေညာပေးသွားဖြစ်ကြောင်း အသိပေးထားသည်။
ထိုကဲ့သို့ ပြန်လည်ဖြေဆိုရမည့်အပေါ် ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
“ ပြန်ဖြေဖို့ဆိုတာက မဖြစ်နိုင်ဘူး။ တချို့ကလေးတွေလည်း ရှိပါတော့မလား။ သေချာစဉ်းစားကြည့်ရင်လေ။ သူတို့စာပြန်လေ့လာဖို့ဆိုရင်လည်း အချိန်ကလိုတယ်။ ကျောင်းသားတွေဘက်ကို ပြန်ကြည့်သင့်တယ်။ တချို့ဆိုနစ်နာတယ်” ဟု ကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့်စာစစ်ဌာနတွင် သက်ဆိုင်ရာတက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများထံမှ ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်စဉ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ၄ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
ပုံစာ – ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေပုံ
ငလျင်ဘေးသင့်ဒေသများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်