ငလျင်ဒဏ်သင့်ဒေသများကို ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်နိုင်သည့်ခရီးစဉ်အဖြစ် ဖော်ဆောင်မည်ဟုဆို

ရန်ကုန်၊ မေ ၁၀

ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို အကြောင်းပြု၍ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်သည့်ခရီးစဉ်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်၊ ၂ စက္ကန့်တွင်ဖြစ်ပွားခဲ့သော ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အင်အားပြင်းထန်သောငလျင်ကြီး လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါဒေသများသည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများဆုံးသွားရောက်လည်ပတ်သည့် ဒေသများဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များက သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ် သက်သည့် ဗဟုသုတများရရှိစေနိုင်သည့်အပြင် ယင်းဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် ဝင်ငွေများတိုးပွားရ ရှိစေနိုင်ကာ ဒေသ၏အကျိုးစီးပွားကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ရှေးဟောင်းဘုရားတွေကို Tourist site အနေနဲ့လုပ်မယ်ဆိုရင် ဝင်ငွေရတာပေါ့။ ငလျင်ကြောင့်ပျက်စီးသွားတဲ့ ရှေးဟောင်း‌ဘုရားတွေအများကြီးရှိတယ်။ ဒါတွေကိုပြလို့ရတာပေါ့။ တချို့ဘုရားတွေကိုတော့ ရှေးမူမပျက်ပြင်ပေါ့။ ခရီးသွားလုပ်ငန်းအတွက် ဒါတွေကအထောက်အကူပြုတယ်” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ‌ယနေ့ခေတ်သို ပြောသည်။

ထို့ပြင် အဆိုပါဒေသများ၌ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုမရှိသော ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များအနေဖြင့် ပုံမှန်အတိုင်းလုပ် ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့်လည်း ငလျင်ဘေးသင့်ရာဒေသများနှင့် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ယခင်ပုံမှန်အတိုင်းသွားလာလည်ပတ်နိုင်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ခရီးသည်များအနေဖြင့် သက်ဆိုင်ရာဒေသအာဏာပိုင်များထံမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော ကြေညာချက်များကို တရားဝင်သတင်းများမှ စောင့်ကြည့်လေ့လာကြရန်နှင့် ခရီးစဉ်အတွင်း ဒေသဆိုင်ရာညွှန်ကြားချက်များကို လိုက်နာကြရန်လည်း အကြံပြုထားသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ငလျင်ဒဏ်သင့်ဒေသများကို ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်နိုင်သည့်ခရီးစဉ်အဖြစ် ဖော်ဆောင်မည်ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.