ငလျင်ဒဏ်ခံနေရသည့် ပလိပ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် နေထိုင်စရာအခက်အခဲများကြုံနေရ

ရန်ကုန်၊ ဧပြီ ၆

စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့နယ်၊ စိတ္တရကျေးရွာတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံး ၃၀ နီးပါးပြိုကျပျက်စီးခဲ့ပြီး၊ ယမန်နေ့က မိုးရွားသွန်းမှုကြောင့် ယာယီတဲများပျက်စီးကာ နေထိုင်ရန်အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။  

အဆိုပါငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်အကြာ၊ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းခဲပြီး သံဃာတော်များနှင့် ဒေသခံများ နေထိုင်စရာအခက်အခဲများရှိနေကြောင်း သိရ သည်။

“လတ်တလောက အလှူရှင်တွေလာတယ်။ စားစရာကတော့ မပူရတော့ဘူး။ နေထိုင်ဖို့လောက်ပဲ လိုတော့တယ်။ လောလောဆယ် တဲထိုးပြီးတော့နေတယ်။ ညကမိုးတွေရွာတော့ အမိုးတွေပြန်လန်ကုန်တာ။ အိမ်တွေပြန်ဆောက်ဖို့အတွက်တော့ ငွေသားတော့နည်းနည်းပါးပါးပဲ လိုတော့တယ်။ ဘုန်းကြီးကျောင်းလည်းပြိုတော့ ဘုန်းကြီးတွေအတွက် သီးသန့်အဆောင်လေးလုပ်ထားပေးတယ်။” ဟု ငလျင်ဒဏ်ခံရသည့် စိတ္တရကျေးရွာမှာ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မတ်လ ၂၈ ရက်နေ့က၊ ပလိပ်မြို့၊ စိတ္တရကျေးရွာတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံး ၃၀ ပျက်စီးကာ သံဃာတော်သုံးပါးနှင့်၊ ဒေသခံသုံးဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“နေအိမ် ၃၀ လောက်တော့ရှိတယ်။ ၁၅ အိမ်လောက်ပဲ နည်းနည်းပါးပါးထိခိုက်တာ။ ဘုန်းကြီးကျောင်းကတော့ နှစ်လုံးလောက်တော့ထိတယ်။ မြေပြိုရင်းနဲ့ ပါသွားတာ ဘုန်းကြီးသုံးပါနဲ့ ရွာခံသုံယောက်တော့သေတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်၊ နေ့လည် ၁၂နာရီ မိနစ် ၅၀ ခန့်က နိုင်ငံအဝှမ်း အင်အားပြင်းငလျင်လှုပ်ခတ်မှု ကြောင့် ၁၀ ရက်အတွင်း သေဆုံးသူ ၃၄၅၅ ဦး၊ ဒဏ်ရာရရှိသူ ၄၈၄၀ ဦးနှင့် ပျောက်ဆုံးနေသူ ၂၁၄ ဦးထိရှိခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့က နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဧပြီလ ၅ ရက်နေ့အထိ ရရှိသည့်စာရင်းများအရ အဆောက်အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ တံတား ၁၆၉ စင်း၊ ဆည်မြောင်းတမံ ၁၉၈ ခု၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- ဒေသခံ

#ယနေ့ခေတ်

ငလျင်ဒဏ်ခံနေရသည့် ပလိပ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် နေထိုင်စရာအခက်အခဲများကြုံနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.