ငလျင်ကြောင့် တစ်နိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက်

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံ၏ မြို့အတော်များများတွင် မတ် ၂၈ ရက်၊ နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် တစ်နိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ဆည်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဖုန်းလိုင်း၊ လျှပ်စစ်လိုင်းများပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ မီးက လုံးဝမရတော့ဘူး။ တာဝါတိုင်တွေအကုန်ကျိုးကုန်တာ။ မကြုံဖူးဘူး။ အသေအပျောက်က တော်တော်များတယ်။ ဒီမှာဆို Mytel ဖုန်းတစ်ခုတည်းကပဲ သုံးလို့ရတယ်။” ဟု မန္တလေးမြို့မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးများပြတ်တောက်နေခြင်းနင့်ပတ်သက်၍ YESC Call Center ၏ ဆိုရှယ်မီဒီယာတွင် “ယနေ့(၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂း၅၀) နာရီအချိန်ခန့်တွင် မြေငလျင် ဒဏ်ကြောင့် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြန်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်” ဟု ရေးသားထားသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်အတူ ဖုန်းလိုင်များပြတ်တောက်နေသည်မှာ ယခုသတင်းရေးနေချိန် ည ၇ နာရီ ၅၂ မိနစ်အထိ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးကြောင်း သိရသည်။

ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကြေညာထားသည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည်လည်းပျက်စီးခဲ့ပြီး ယာဉ်လိုင်းအားလုံး ပြေးဆွဲမှုရပ်နားထားကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

ငလျင်ကြောင့် တစ်နိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.