ဘန်ကောက်၊ ဧပြီ ၁၈
မကြာသေးမီက ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီးသည့်ကြားမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးရန်အတွက် ကြာသပတေးနေ့တွင် မြန်မာစစ်အစိုးရအကြီးအကဲနှင့်တွေ့ဆုံခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို တုန်လှုပ်ချောက်ချားစေသည့် ငလျင်လှုပ်ခတ်မှုအပြီး ၃ ပတ်အကြာတွင် ထွက်ပေါ်လာသည့် အဆိုပါတွေ့ဆုံမှုသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)မှ ခေါင်းဆောင်တစ်ဦးတို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ရှားရှားပါးပါးတွေ့ဆုံမှုဖြစ်သည်။
“ယာယီဆေးရုံ ချထားရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု အန်ဝါကပြောကြားသည်။
မြန်မာနိုင်ငံတွင် မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် ထောင်နှင့်ချီသောအကျဉ်းသားများကို ကြိုဆိုကြောင်း အန်ဝါက သူ၏ X အကောင့်တွင် ရေးသားခဲ့သည်။ “ ဒီလိုလုပ်ဆောင်ချက်တွေက အဓိပ္ပါယ်ရှိတဲ့အချက်တစ်ခုပါ။” ဟုဆိုသည်။
ယခုနှစ်အာဆီယံဥက္ကဋ္ဌဖြစ်သည့် အန်ဝါနှင့်ဆွေးနွေးပွဲသည် စစ်အစိုးရအား နိုင်ငံရေးအရအသိအမှတ်ပြုခြင်းမဟုတ်သော်လည်း လိုအပ်နေသူများအား အကူအညီရယူရန် နည်းလမ်းဖြစ်ကြောင်း မလေးရှားပါလီမန်အမတ် တန်ဟောင်ပင်၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်တစ်ခုကိုကိုးကား၍ မလေးရှားနိုင်ငံမှ ဘာနာမာသတင်းဌာနက ဖော်ပြသည်။
“နိုင်ငံရေးအရထည့်သွင်းစဉ်းစားမှုတွေက ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို အဟန့်အတားမဖြစ်ရဘူး” ဟု တန်ကဆိုသည်။
မတ် ၂၈ ရက် လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင်ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော်ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂနှင့် နစကက ထုတ်ပြန်ထားသည်။
Ref: Bangkok Post
ပုံစာ- မြန်မာနိုင်ငံ၊ အမရပူရတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ရိက္ခာ နှင့် ကယ်ဆယ်ရေးပစ္စည်းများကို တန်းစီစောင့်ဆိုင်းနေသူများ။ (Photo: Reuters)
#ယနေ့ခေတ်
ငလျင်ကယ်ဆယ်ရေးအတွက် မလေးရှား၀န်ကြီးချုပ်နှင့် မြန်မာစစ်ဦးစီးချုပ် တွေ့ဆုံဆွေးနွေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်