ငပုတော၊ မတ် ၁၀
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းတွင် မတ်လ ၇ ရက်၊ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၀ စု အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါ မီးလောင်မှုသည် ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းနေ အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်နွဲ့ရီ၏ ဓနိမိုး၊ ဓနိကာအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းချက်ထားရာမှ ဘေးအကာဓနိသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်နွဲ့ရီနေအိမ်အပါအဝင် နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။
“ မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်းနေအိမ် ၃ လုံး၊ သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ခင်းနေအိမ် ၇ လုံး၊ စုစုပါင်းလူနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတာ။ လတ် တလော မီးဘေးသင့်အိမ်ထောင်စု ၁၀ စုက လူဦးရေ ၃၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားတာ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိသော်လည်း စုစုပေါင်းနေအိမ် ၁၀ လုံး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂,၉၅၆,၅၀၀ ရှိပြီး၊ သက်ဆိုင်ရာက မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်ပိုင်ရှင်ကို ပုဒ်မ ၂၈၅ ဖြင့် ငပုတောမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
ငပုတောမြို့တွင်မီးလောင် နေအိမ် ၁၀ လုံးဆုံးရှုံးပြီး အိမ်ထောင်စု ၁၀ စုအိုးမဲ့အိမ်မဲ့ဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်