ငပလီတွင်ပိတ်မိနေသည့် ခရီးသွားများကို ကုန်းလမ်းနှင့် လေကြောင်းမှ ပြန်နိုင်ရန်စီစဉ်နေ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

သံတွဲမြို့နယ်၊ ငပလီကမ်းခြေသို့ ရောက်ရှိနေသည့် ခရီးသွားများပိတ်မိနေပြီး အဆိုပါခရီးသွားများကို ကုန်းလမ်းနှင့် လေကြောင်းမှ ပြန်ခွင့်ပြုရန် စီစဉ်နေကြောင်း ခရီးသွား အေဂျင်စီများ၏ ပြောပြချက်အရ သိရသည်။

“ ကိုယ်ပိုင်ကားတွေနဲ့ လာတဲ့သူတွေကတော့ သူတို့စီစဉ်ပေးတဲ့ တောင်ကုတ်လမ်းပိုင်းကနေ ပြန်ခွင့်ပြုထားတယ်။ ခရီးသည်တင်ကားတွေကို ပေးမဝင်ဘူး။ ပေးမဝင်တော့ လိုင်း ကားနဲ့လာတဲ့သူတွေက လေယာဉ်နဲ့ ပြန်ရမှာပေါ့။” ဟု ခရီး သွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရခိုင်ပြည်နယ် ဝင်ပေါက်များအားလုံးကို ပိတ်ထား၍ ငပလီကမ်းခြေသို့ ရောက်ရှိနေသည့် ခရီးသွားဧည့်သည် ၅ ထောင်ကျော်ခန့် ပိတ်မိနေပြီး၊ ယင်းတို့တွင် နိုင်ငံခြားခရီးသွားဧည့်သည် ရာဂဏန်းပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပိတ်မိနေသည့် ခရီးသွားဧည့်သည်များကို ဟိုတယ်ပိုင်ရှင်များက အခန်းခနှုန်းထားများအား ဈေးအသက်သာဆုံးဖြင့် ကူညီပေးထားပြီး၊ ကိုယ်တိုင် ချက်ပြုတ်စားသောက် နိုင်ရန်အတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နစကဘက်မှ ကုန်းလမ်းအပါအဝင် ရေလမ်းကြောင်းကိုပါ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်။

“ အခုလိုမျိုးဖြစ်သွားတာကတော့ မကောင်းဘူး။ ပိတ်မိနေတဲ့ထဲမှာ ပြည်ပဧည့်သည်တွေလည်းပါတော့ ပုံရိပ်ကိုထိခိုက်တာပေါ့။ ဒီနှစ်ခရီးသွားရာသီအစက ကောင်းမလိုလိုနဲ့ တဖြည်းဖြည်း အကျဘက်ကိုရောက်နေတယ်။” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကိုယ်ပိုင်ကားများဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားများအနေဖြင့် ပြန်ရန်စီစဉ်နေပြီး၊ မပြန်နိုင်သေးသည့် အချို့ခရီးသည်များလည်း ကျန်ရှိနေကြောင်း သိရ သည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ငပလီတွင်ပိတ်မိနေသည့် ခရီးသွားများကို ကုန်းလမ်းနှင့် လေကြောင်းမှ ပြန်နိုင်ရန်စီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.