ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေတွင် နိုဝင်ဘာ ၁၅ ရက်အထိ ခရီးသွား ၇၀၀၀ ခန့် နေရပ်မပြန်နိုင်ပဲ ပိတ်မိနေကြောင်း ရန်ကုန်မြို့နေ ငပလီကမ်းခြေရောက် ခရီးသွား တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ငပလီကမ်းခြေရဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ချင်လို့ မိသားစုနဲ့ လာတာပါ။ နေရပ်ပြန်ဖို့အတွက် ကားလက်မှတ်တော့ ဖြတ်ထားပါတယ်။ အခုလောလောဆယ်မှာ ကား လမ်းတွေပိတ်လိုက်တော့ နေရပ်ပြန်ရေးအတွက် အခက်အခဲဖြစ်နေပါတယ်။ မိသားစုလိုက်ဆိုတော့ တစ်ရက်တာ အသုံးစရိတ်က အရမ်းများတယ်။ ပါလာတဲ့ငွေလည်း ကုန်ပါပြီ။” ဟု ရန်ကုန်မြို့နေ ငပလီကမ်းခြေရောက် ခရီးသွားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်ချင်း၊ ရွာချင်းဆက် လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ ရခိုင်ပြည်သို့လာသည့် ဝင်ပေါက် များအားလုံးကို ပိတ်ထား၍ ငပလီကမ်းခြေသို့ လာရောက်အနားယူအပန်းဖြေကြသည့် ခရီးသွားဧည့်သည်များ မိမိနေထိုင်ရာသို့ မပြန်နိုင်ပဲ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
ယခု နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ငပလီကမ်းကမ်းခြေသို့ လာရောက်လည်ပတ်မည့် ခရီးသွားများ၏ အကြိုဘိုကင်များကို cancel လုပ်လိုက်ရကြောင်း ငပလီကမ်းခြေရှိ ဟိုတယ်တစ်ခုမှ သိရသည်။
ငပလီကမ်းခြေတွင် ခရီးသွား ၇၀၀၀ ခန့် နေရပ်မပြန်နိုင်ပဲ ပိတ်မိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်