ရန်ကုန်၊ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၃,၀၀၀ ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင် ၁၃,၀၀၀ ကျော်သည် AA တပ်နှင့် နစကတပ်တို့ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀၀ ကျော်နှင့်၊ စခန်းပြင်ပနှင့် အနီးဝန်းကျင်ကျေးရွာများတွင် တဲထိုးပြီးနေကြသူ ၁၀,၀၀၀ ကျော်တို့ဖြစ်ကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူက ပြောသည်။
“ဂွမြို့နယ်က စစ်ဘေးရှောင်အခြေအနေက တိုက်ပွဲတွေပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်က နေ့စဉ်တိုးလာတယ်။ စစ်ဘေးရှောင်တိုးလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်။” ဟု ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် နစကတပ်နှင့် AA တပ်တို့၏ တကျော့ပြန်တိုက်ပွဲတစ်နှစ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ၅၅၀,၀၀၀ ကျော်အထိရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ဂွမြို့နယ်တွင် စစ်ဘေးရှောင် ၁၃,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်