ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် လက်ပစ်ဗုံးဆော့ကစားရာကတဆင့် ပေါ်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်အပါအဝင် သုံးဦးထိမှန်သေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်)နေ့လည်ခန့်က ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာတွင် လက်ပစ်ဗုံးဆော့ကစားရာကတဆင့် ပေါက်ကွဲမှုဖြစ်ပေါ်ကာ ငါးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးကိုတွေ့တဲ့အချိန် ဆော့တာထင်ပါတယ်။ အဲ့လိုပုံစံမျိုးနဲ့ ပေါက်ကွဲတာပါ။ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၂၀ မိန်းကလေးတစ်ဦးနဲ့ အသက် ၄၀ အမျိုးသားတစ်ဦး သေဆုံးသွားတယ်။ နှစ်ဦးက ဒဏ်ရာရတယ်။” ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဂွမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီရေး ပူး ပေါင်းအဖွဲ့က ကူညီဆောင်ရွက်မှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရ သည်။
ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကင်းပုံကျေးရွာတွင် အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး လက်ပစ်ဗုံးဆော့ကစားမိရာကတဆင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းရက်များက ရခိုင်ပြည်၊ ဂွမြို့နှင့် ကျိန္တလီမြို့တို့တွင် လေးကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသအတွင်းရှိ ဘုန်းကြီးကျောင်းအချို့နှင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ပျက်စီးခဲ့ပြီး၊ ဒဏ်ရာရှိသူများနှင့် သေဆုံးသူများလည်းရှိခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့
#ယနေ့ခေတ်
ဂွမြို့တွင် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်