ဝါရှင်တန်၊ ဇွန် ၁၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ သားအကြီးဆုံးဖြစ်သူ ဟန်တာဘိုင်ဒန်သည် သေနတ်ဝယ်ယူမှုအပြင် မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း အမေရိကန်Delaware မြို့ တရားသူကြီးများက ဆုံးဖြတ်လိုက်သည်။
တရားသူကြီးအဖွဲ့ဝင် ၁၂ ဦးပါဝင်သော အမှုစစ်ဆေးရေးအဖွဲ့က ဟန်တာဘိုင်ဒန်သည် ၂၀၁၈ ခုနှစ်အတွင်း သေနတ်ဝယ်ယူမှုများအပြင်၊ မူးယစ်ဆေးဝါးသုံးစွဲမှုများကို လိမ်လည်မှုများကျူးလွန်ခဲ့ကြောင်း ပြောသည်။
ဟန်တာဘိုင်ဒန်သည် လက်ရှိတာဝန်ယူနေသည့် အမေရိကန်သမ္မတများ၏ သားသမီးများထဲတွင် ပထမဆုံးပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါအမှုကို အပြီးသတ်စီရင်ချက်ချမှတ်ပြီးချိန်တွင် ဟန်တာဘိုင်ဒန်သည် ထောင်ဒဏ်အပြစ်ပေးခံရဖွယ်ရှိနေပြီး ထောင်ဒဏ် ၂၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။
ဟန်တာဘိုင်ဒန်၏အမှုကိစ္စသည် လာမည့်နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည့် ဂျိုးဘိုင်ဒန်အတွက် ထိုးနှက်ချက်များ ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
သမ္မတဂျိုးဘိုင်ဒန်က သားဖြစ်သူဟန်တာဘိုင်ဒန်၏ အမှုကိစ္စနှင့်ပတ်သက်ပြီး တရားသူကြီးများ၏ စုံစမ်းစစ်ဆေးမှုများကို လေးစားလိုက်နာမှုအပြည့်ရှိမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
တရားသူကြီးများသည် ဟန်တာဘိုင်ဒန်၏ လက်တော့အတွင်းမှရရှိသည့်ပုံများ၊ မက်ဆေ့များနှင့် ၎င်း၏ချစ်သူဟောင်းများထံမှ ထွက်ဆိုချက်များကိုအခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟန်တာဘိုင်ဒန်သည် ယခင်က မူးယစ်ဆေးဝါးသုံးစွဲခဲ့သူဖြစ်ကြောင်း စွပ်စွဲဝေဖန်မှုများဖြင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ ဖခင်ဖြစ်သော သမ္မတဂျိုးဘိုင်ဒန်က “ ကျွန်တော်ဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ဦးဖြစ်တဲ့အတွက် တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို မှတ်ချက်မပေးလိုဘူး။ ဒါပေမယ့် ဖခင်တစ်ဦးအနေနဲ့ဆိုရင်တော့ စိတ်မကောင်းဖြစ်ရပေမယ့် သားဖြစ်သူအပေါ် ယုံကြည်သလို တရားသူကြီးဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာမယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
bbc.com/news
ဂျိုးဘိုင်ဒန်၏သား ဟန်တာဘိုင်ဒန်ကို သေနတ်မှု၊ မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိဟု အမေရိကန်တရားသူကြီးများ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်