ရန်ကုန်၊ ဒီဇင်ဘာ ၂
ရှမ်ပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်း၌ တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးရှောင် ၇၀ ကျော် စစ်ရှောင်စခန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့၊ ည ၉ နာရီကျော်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်းအထက်ပိုင်း၌ တိုက်ပွဲများဖြစ်ပေါ်နေပြီး ယနေ့ နံနက်တွင် နေရပ်သို့ပြန်သွားသည့် စစ်ဘေးရှောင် များကို နောင်ပိန်အောင်ဓမ္မာရုံ စစ်ရှောင်စခန်းသို့ ပြန်လည်ခေါ်လာခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိသည်။
“ဒီမနက်မှ လုံကြိမ်ရွာဘက်က စစ်ဘေးရှောင်တွေပြန်သွားတာ။ ညကျတော့ တိုက်ပွဲက အသံတွေကကြားနေတယ်။ ကျွန်တော်တို့ ကားလေးစီးနဲ့ သူတို့ကိုသွားပြန်ခေါ်လာခဲ့တယ်။ ပြီးတော့မှ စစ်ရှောင်စခန်းကိုပို့ပေးတယ်။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ထိုအပြင် ယနေ့ နေ့လည် ၁၁ နာရီကျော်ခန့်က မူဆယ်၊ နမ့်ခွမ်၌ တိုက်ပွဲများဖြစ်ပေါ်နေပြီး တရုတ်နာရေးကားတစ်စီး ကျည်ထိမှန်ကာ တစ်ဦးသေးဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ နေ့လည် ၁၁ ကျော်လောက်က တရုတ်နာရေးလုပ်တဲ့ ယာဉ်တန်းကားတစ်စီးထိတယ်။ တစ်ဦးသေတယ်။ နမ့်ခွမ်နဲ့ ကျောက်တိုင်ကြားမှဖြစ်တာ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်များ ပိတ်မိနေခြင်းကြောင့် လူမှုကူညီရေးအသင်း များက သွားရောက်ကူညီခေါ်ဆောင်ရာ နှလုံးလှ လူမှုကူ ညီရေးအသင်းမှ ကားတစ်စီးကို ကျည်ထိမှန်ကာ အသင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ကမ်းလက်လူမှုကယ်ဆယ်ရေး(မူဆယ်)
#ယနေ့ခေတ်
ဂုတ်တွင်း၌ တိုက်ပွဲများကြောင့် ဒေသခံ ၇၀ ကျော် ထပ်မံစစ်ဘေးရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်