ရန်ကုန်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းအား ပြန်လည်ပြုပြင်နေပြီး မကြာခင်အချိန်အတွင်း ပြန်လည်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက ဂုတ်တွင်းလမ်းပိုင်းအား ပြန်လည်ခွင့်ပြုထားသည်ဆိုကြသော်လည်း လက်ရှိတွင် ပိတ်မိနေသည့်ကားများကိုသာ ဦးစားပေးသွားခွင့်ပြုနေ ကြောင်း သိရသည်။
“ ဂုတ်တွင်းလမ်းမှာ ပိတ်မိနေသည့်ကားတွေ ဦးစားပေးသွားခွင့်ပြုနေပါတယ်။ ကျောက်မဲ-သီပေါကြားက ကျင်သီတံတား ကားများသွားလာလို့မရသေးပါ။ သိန္နီတံတားလည်း ဖြတ်ဖို့မလွယ်သေးပါဘူး။ သိန္နီ-ကွတ်ခိုင်-မူဆယ်လည်း ကားသွားတာမရှိသေးပါ။ ကျောက်မဲ-မူဆယ်ပြည်ထောင်စုလမ်းမကြီးကနေ ခုချိန် ကားများသွားလာဖို့ အဆင်မပြေသေး ပါဘူး။ ခုလိုကာလမှာ သာမန်လောက်ဆို ခရီးမထွက်တာ အကောင်းဆုံးပါ။ မဖြစ်မနေ ခရီးထွက်မယ်ဆိုလည်း သေချာစုံစမ်းပါ။” ဟု ဒေသခံများအား ကူညီပေးနေသည့်အဖွဲ့မှ ၎င်းတို့၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၁၀ နာရီခွဲဝန်းကျင်က ဂုတ်တွင်းလမ်းပေါ်ရှိ ပိတ်မိနေသည့်ကားများအား ဦးစားပေးစနစ်ဖြင့် သွားလာခွင့်ပြုထားသော်လည်း မွန်းတည့် ၁၂ နာရီခန့် တွင် သွားလာခွင့် ခေတ္တပြန်လည်ပိတ်ထားကြောင်း ဒေသခံကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။
ထို့အပြင် ကျင်သီတံတားမှာလည်း ဖြတ်သန်း၍မရသေးပဲ၊ ဆိုင်ကယ်ကွင်းလမ်းမှသာ သွားလာ၍ရပြီး၊ အိမ်စီးကားငယ်များမှာ ကရိန်းအကူအညီဖြင့် ကူးသန်းသွားလာကာ၊ ကုန် တင်ယာဉ်များမှာ ကုန်များချိန်း၍ သယ်ယူလျက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြုကုတ်၊ သိန္ဒီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့တို့အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့၌ ထိပ်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် သွားလာခွင့်ပိတ်ထားသည့် လမ်းပိုင်းများရှိသကဲ့သို့ ပေါက်ကွဲမှုများကြောင့် လမ်းများပျက်စီးခဲ့ပြီး သွားလာ၍မရတော့သည့် လမ်းပိုင်းများလည်းရှိကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ဂုတ်တွင်းလမ်း မကြာခင်ပြန်လည်အသုံးပြုနိုင်တော့မည်ဟု ဒေသခံများ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်