ဂါဇာ၊ ဒီဇင်ဘာ ၂
ပါလက်စတိုင်းဒုက္ခသည်များအတွက် ဖွဲ့စည်းထားသောကုလသမဂ္ဂ၏ UNRWA က အစ္စရေးနှင့် ဂါဇာဒေသကြားရှိ အဓိကလမ်းကြောင်းဖြစ်သော Kerem Shalom ကိုဖြတ်သန်းပြီး အကူညီပေးရေးအစီအစဉ်များကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
UNRWA အကြီးအကဲက ဘေးကင်းလုံခြုံရေးစိုးရိမ်ရသည့်အတွက် Kerem Shalom ကိုဖြတ်သန်းပြီး အကူအညီပစ္စည်းများပေးပို့ခြင်းကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း ပြော သည်။
UNRWA အကြီးအကဲ Philippe Lazzarini က “ အကူညီပစ္စည်းတွေကို ပေးပို့နေတဲ့လမ်းတွေဟာ ဘေးကင်းလုံခြုံမှုမရှိတာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။ လက်နက် ကိုင်အဖွဲ့တွေဟာ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်ကားတွေကို ဖမ်းဆီးတာ၊ ခိုးယူတာတွေလည်းရှိခဲ့တယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကဆိုရင် ကျွန်တော်တို့ဟာ အဲဒီလမ်းကြောင်းကနေ အကူအညီပေးရေးပစ္စည်းတွေ ပေးပို့ဖို့လုပ်ဆောင်ပေမယ့် အဲဒီအကူအညီပေးရေးပစ္စည်းအားလုံးကို လက်နက်ကိုင်အဖွဲ့စည်းအားလုံးက သိမ်းယူသွားတယ်။ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအစီအစဉ်တွေဟာ လက်ရှိမှာမဖြစ်နိုင်တော့ဘူး။” ဟု ပြောသည်။
ဂါဇာကမ်းမြောင်ဒေသသည် မင်းမဲ့စရိုက်အဖြစ်သို့ ဆင်းသက်လာကာ ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာခြင်း၊ လုယက်ရမ်းကားမှုများနှင့် လူထုစည်းလုံးညီညွတ်မှုပြိုလဲခြင်း အဓမ္မပြုကျင့်ခံရမှု များပြားလာနေကြောင်း ၎င်းကပြောသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကတော့ “ နိုဝင်ဘာလအတွင်းမှာပဲ ဂါဇာကမ်းမြောင်ဒေသကိုပေးပို့တဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ ၇ ရာခိုင်နှုန်းရောက်ရှိအောင် UNRWA အဖွဲ့နဲ့ ပူးပေါင်းကူညီပေးနိုင်ခဲ့တယ်။ ဂါဇာဒေသမှာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးတဲ့အဖွဲ့စည်း ဒါဇင်နဲ့ချီပြီးရှိနေတယ်။ အဲဒီအဖွဲ့စည်းတွေအားလုံးဟာ လူ သားချင်းဆိုင်ရာ စာနာမှုအကူအညီတွေ ဆက်လက်ပေးပို့ကူညီနေတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာအတွက် လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးပို့ခြင်းများကို ရပ်တန့်လိုက် ကြောင်း UNRWA ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်