ဂါဇာသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် မလေးရှားနှင့် အင်ဒိုနီးရှားအစိုးရတို့ အသင့်ရှိနေ

ကွာလာလမ်ပူ၊ ဇူလိုင် ၂

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲဖြစ်ပွားနေသည့် ဂါဇာဒေသကို ငြိမ်းချမ်းရေးတပ်ဖွဲ့များစေလွှတ်ပေးရန် အဆင့်သင့်ရှိနေကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါက ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားဝန်ကြီးချုပ်သည် ပြီးခဲ့သောရက်ပိုင်းတွင် အင်ဒိုနီးရှားသမ္မတနှင့် ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးမည်ဆိုလျှင် ဂါဇာဒေသကို နှစ်နိုင်ငံစလုံးမှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ပေးသွားရန် လိုလားနေကြောင်း ပြောဆိုလိုက်သည်။

မလေးရှားဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ခဲ့ပြီး ပါလက်စတိုင်းကို အားပေးထောက်ခံကြောင်း ပြသခဲ့သောနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတသည် သုံးမိနစ်ကြာဖုန်းဆက်ဆွေးနွေးချိန်အတွင်း ကမ္ဘာရေးရာအခြေနေများအပြင် လာမည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူမည့်အခြေနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မလေးရှားဝန်ကြီးချုပ်က “ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ပူးပေါင်းပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဂါဇာဒေသကိုစေလွှတ်ဖို့ လိုလားနေတယ်။ အဲဒီအစီအစဉ်ကိုလည်း ကြိုဆိုလက်ခံသလိုအာဆီယံဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့တယ်။” ဟု လူမူကွန်ရက်တွင် ရေးသားခဲ့သည်။

အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးပြီး၊ မလေးရှားနိုင်ငံက ယူနီဖောင်းမဝတ်သော ပုဂ္ဂိုလ် ၈၆၂ ဦးကို ကုလ သမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

ထိုအပြင် အခြားမလေးရှားတပ်ဖွဲ့ဝင် ၈၂၅ ဦးကလည်း ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ဖူးကြောင်း သိရသည်။

အင်ဒိုနိးရှားနိုင်ငံသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန် ယူနီဖောင်းမဝတ်ထားသော ပုဂ္ဂိုလ်အရေအတွက် ၂၇၁၅ ဦးပါဝင်ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com/asia

ဂါဇာသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် မလေးရှားနှင့် အင်ဒိုနီးရှားအစိုးရတို့ အသင့်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.