ဂါဇာ၊ မေ ၁၄
ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း ဆေးရုံတစ်ခုမှ တာဝန်ရှိသူက ပြောကြားသည်။
ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂျာဘာလီယာမြို့နှင့် ဒုက္ခသည်စခန်းတွင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး ၂၂ ဦးနှင့် အမျိုး သမီး ၁၅ ဦး ပါဝင်ခဲ့ကြောင်း အင်ဒိုနီးရှားဆေးရုံက သတင်းထုတ်ပြန်သည်။ အွန်လိုင်းပေါ်တွင်မျှဝေထားသည့် ဗီဒီယိုတစ်ခု၌ ထိုနေရာတွင် အနည်းဆုံးရုပ်အလောင်းတစ်ဒါဇင်ခန့်ကို တွေ့မြင်ရသည်။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တစ်ခုက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ပြီးနောက် ဂျာဘာလီယာနှင့် အနီးနားဒေသများတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းရန် အင်္ဂါနေ့က သတိပေးထားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ကို တားဆီးအရေးယူရန် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲက ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို တိုက်တွန်းလိုက်သည်။
အင်္ဂါနေ့ကပြုလုပ်သည့် နယူးယောက်မြို့ ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် တွမ်ဖလက်ချာက အစ္စရေးသည် အရပ်သားများအပေါ် လူမဆန်သောလုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် သီတင်း ၁၀ ပတ်ကြာ ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းရန် အစ္စရေးကိုတောင်းဆိုခဲ့ပြီး၊ ပုဂ္ဂလိကကုမ္ပဏီများကို အသုံးပြုကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဝေပေးမည့် အစ္စရေး-အမေရိကန်အစီအစဉ်ကို ဝေဖန်ခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန် Danny Danon က အဆိုပါစွပ်စွဲချက်သည် အခြေအမြစ်မရှိသည့်အပြင် ဒေါသထွက်စရာဖြစ်ကြောင်း ပြောကြားသည်။
ဟားမတ်စ်၏ စစ်ရေးကြိုးပမ်းမှုကြောင့် အကူအညီပေးရေးစနစ်သည် ပျက်စီးသွားကြောင်း အစ္စရေးသံတမန်၏စွပ်စွဲချက်ကို ကုလသမဂ္ဂနှင့် လက်နက်ကိုင်အဖွဲ့တို့က ငြင်းဆိုထားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဗုဒ္ဓဟူးနေ့က အစ္စရေး၏တိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၇၀ သေဆုံးခဲ့ပြီး အများစုမှာ ဂျာဘာလီယာဒေသတစ်ဝိုက်တွင်ဖြစ်ကြောင်း ဒေသတွင်းကျန်းမာရေးအရာရှိများက ပြောကြားသည်။
Ref: BBC
#ယနေ့ခေတ်
ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်