တဲလ်အဗစ်၊ အောက်တိုဘာ ၁၀
အစ္စရေးစစ်တပ်က ပါလက်စတိုင်းအခြေစိုက် ဟာမက်စ် လက်နက်ကိုင်အဖွဲ့ များကို တိုက်ခိုက်ရာတွင် ဂါဇာဒေသရှိ လွှတ်တော်နှင့် အရပ်ဖက်ဆိုင်ရာ ဝန်ကြီးများကို တရားဝင် ပစ်မှတ်များအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ရန် စဉ်းစားသွားမည်ဟု သတိပေးပြောဆိုလိုက်သည်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရစ်ချက်ဟတ်က “ လွှတ်တော်အဆောက်အဦးတွေ၊ ဝန်ကြီးဌာနရုံးတွေကနေ သေနတ်ပစ်ခတ်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင်တော့ အဲဒီနေ ရာတွေဟာ ကျွန်တော်တို့ရဲ့ စစ်ရေးပစ်မှတ်တွေဖြစ်လာမှာပါ။ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုး မလုပ်ဘူးဆိုရင်တော့ အဲဒီနေရာတွေက စစ်ရေးပစ်မှတ် ဖြစ်လာမှာမဟုတ်ဘူး။” ဟု ပြောသည်။
ဟာမက်စ်အဖွဲ့က အစ္စရေးတပ်ဖွဲ့များအနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် ပြန်ပေးဆွဲသူတိုင်းကို ရုပ်သံလွှင့်ကာ ကွပ်မျက်ပြမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က သတိပေးခဲ့ခြင်းဖြစ်သည်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟာမက်စ်အုပ်စုအပေါ် တိုက်ခိုက်နေခြင်းသည် လက်ရှိအချိန်တွင် အစပဲရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ထုတ်ဖော်ပြောဆို လိုက်သည်။
ဟာမက်စ် လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအပေါ် ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ အစ္စရေးနှင့် ဟာမက်စ်အဖွဲ့ကြား စစ်ပွဲများ စတင်ခဲ့ကြောင်း သိရသည်။
အစ္စရေးသည် လက်ရှိအချိန်တွင် ဂါဇာကမ်းမြောင်ဒေသကို ရေဖြတ်၊ မီးဖြတ်၊ အစားအစာဖြတ် အပါအဝင် ဖြတ်လေးဖြတ်ပုံစံမျိုး လုပ်ဆောင်နေကာ လေကြောင်းဗုံးကြဲတိုက်ခိုက် မှုများ အရှိန်မြင့်လုပ်ဆောင်နေကြောင်း သိရသည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး နှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ဆိုသည်။
အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် ဂါဇာနယ်စပ်ဒေသတွင် တပ်ရင်းပေါင်း ၃၅ ခုကို ဖြန့်ကြတ်ချထားခဲ့သလို စစ်ပွဲမှာပါဝင်ရန် ဥရောပတွင်ရှိနေသော အစ္စရေးတပ်ဖွဲ့ဝင်များကို လေယာဉ်များဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
ဂါဇာဒေသရှိ လွှတ်တော်နှင့် အရပ်ဖက်ဆိုင်ရာ ဝန်ကြီးဌာနများကို စစ်ရေးပစ်မှတ်များအဖြစ် တိုက်ခိုက်သွားရန် စဉ်းစားမည်ဟု အစ္စရေးစစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်