ဂါဇာ၊ ဇန်နဝါရီ ၂
ကမ္ဘာကျန်းမာရေးအဖွဲ့ WHO သည် ဂါဇာဒေသရှိဆေးရုံများအား တိုက်ခိုက်ခြင်းကို အဆုံးသတ်ရန် အစ္စရေးနိုင်ငံကို တောင်းဆိုလိုက်ကြောင်း သိရသည်။
အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းက ဂါဇာဒေသရှိဆေးရုံများကို စီးနင်းတိုက်ခိုက်ခဲ့ကာ ဆရာဝန်များအပါအဝင် လူအများပြားကို ဖမ်းဆီးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သော်လည်း အစ္စရေးအစိုးရက ဆေးရုံများကိုစီးနင်းချိန်အတွင်း ဟားမက်စ်အဖွဲ့နှင့်ဆက်နွယ်နေသူ ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့က “ ဂါဇာဒေသရှိဆေးရုံတွေဟာ တဖြည်းဖြည်းနဲ့ မြေကြီးအောက်ထဲရောက်ရှိကုန်တယ်။ ဂါဇာဒေသကျန်းမာရေးစနစ်ကလည်း ခြိမ်းခြောက်ခံနေရတယ်။” ဟု ပြောသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့သည် ဂါဇာဒေသရှိ ဆေးရုံစီးနင်းခံရချိန်အတွင်း ဖမ်းဆီးခံခဲ့ရသော Kamal Adwan ဆေးရုံအကြီးအကဲကို ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးက အဆိုပါဆေးရုံကို ဟားမက်စ်အဖွဲ့က အမိန့်ပေးစင်တာအဖြစ် အသုံးပြုနေကြောင်း ပြောဆိုထားသော်လည်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ငြင်းဆန်ထားသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့အပါအဝင် ကမ္ဘာတဝှမ်းရှိ လူအခွင့်ရေးအဖွဲ့အစည်းများသည် Kamal Adwan ဆေးရုံကိုစီးနင်းပြီး ဖမ်းဆီးခဲ့သောသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် အစ္စရေးအစိုးရကို တိုက်တွန်းတောင်းဆိုနေဆဲဖြစ်ကြောင်း သိရသည်။
အစ္စရေးသည် အဆိုပါဆေးရုံကို စီးနင်းချိန်အတွင်း အကြမ်းဖက်သမား ၂၀ ဦးကို သုတ်သင်နိုင်ခဲ့သလို ဂျီဟတ်အဖွဲ့ များနှင့် ဆက်နွယ်သူအဖြစ် သံသယရှိသော လူပေါင်း ၂၄၀ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ပြောဆိုခဲ့သည်။
သို့သော် အစ္စရေးအစိုးရက ဖမ်းဆီးထားသူများသည် အကြမ်းဖက်သမားဖြစ်သည်ဟု ပြောဆိုထားသော်လည်း ခိုင်လုံသောသက်သေပြနိုင်ခြင်းမရှိကြောင်း သိရသည်။
အမေရိကန်အခြေစိုက် MedGlobal က ဖမ်းဆီးခံထားရသော ဆေးရုံအကြီးအကဲကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဆေးရုံအကြီးအကဲကိုဖမ်းဆီးခြင်းသည် မျှတမှုမရှိသလို စစ်ပွဲဇုန်အတွင်း ကျန်းမာရေးဝန်ထမ်းများကိုကာကွယ်ပေးရမည်ဆိုသော နိုင်ငံတကာလူသားချင်းဆိုင်ရာ စာနာမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
ကောင်းထက်ငွေ
bbc.com
ဂါဇာဒေသရှိဆေးရုံများအား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ကမ္ဘာကျန်းမာရေးအဖွဲ့ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်