နယူးယောက်၊ ဇူလိုင် ၃
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူဦးရေ နှစ်သန်းနီးပါးရှိလာခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက် သည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲက ၉ လနီးပါးရှိလာချိန်တွင် ဂါဇာဒေသတွင်နေထိုင်နေသည့် ပါလက်စတိုင်းလူမျိုး ၈၀ ရာခိုင်နှုန်း နေရပ်စွန့်ခွာနေထိုင်ခဲ့ရကြောင်း သိရသည်။
ကုလသမဂ္ဂက စစ်ပွဲများကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁ ဒသမ ၉သန်းခန့် နေရပ်စွန့်ခွာနေထိုင်နေရကြောင်း၊ ခန်းယွန်နစ်ဒေသတွင်လည်း နေရပ်စွန့်ခွာနေထိုင်သူအရေ အတွက် ပိုမိုတိုးမြှင့်လာနေကြောင်း ပြောသည်။
ဟားမက်စ်အုပ်စုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသတွင် စစ်ပွဲများဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ ဂါဇာဒေသ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေး အကြီးအကဲတစ်ဦးဖြစ်သူ ဆစ်ဂရက် ကက်က “ ဂါဇာဒေသမှာ နေရပ်စွန့်ခွာရတဲ့ ပါလက်စတိုင်းလူမျိုးတွေ ၁ ဒသမ ၉သန်းကျော်သွားတယ်။ အဲဒီအတွက်စိတ်မကောင်းဖြစ်ရတယ်။ ခန်းယွန်နစ်ဒေသမှာလည်း နေရပ်စွန့်ခွာမယ့်သူတွေကို ကူညီပေးဖို့လုပ်ဆောင်နေရတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ အပစ်ခတ်ရပ်စဲရန် အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့ ကြားဝင်စေ့စပ်နေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုကြားတွင်လည်း တင်းမာမှုများဖြစ်လာနေရာ မြေပြင်တိုက်ပွဲများဖြစ်လာမှုနှင့်အတူ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာဒေသတွင် စစ်ပွဲကြောင့်နေရပ်စွန့်ခွာသူ နှစ်သန်းနီပါးအထိ မြင့်တက်လာဟု ကုလသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်