ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ဝင်များ မြေပြင်ထိုးစစ်ဆင်နွဲမှု စတင်လိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် ကြေညာ

တဲလ်အဗစ်၊ အောက်တိုဘာ ၁၄

အစ္စရေးတပ်ဖွဲ့ဝင်များသည် တင့်ကားအကူညီများရယူပြီး ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးစစ်တပ်က “ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ စစ်လက်နက်ပစ္စည်းတွေ ထားရှိတဲ့နေရာတွေနဲ့ ဟားမက်စ်အဖွဲ့ဝင် တွေကို အလုံးစုံတိုက်ခိုက်ဖို့ စီးနင်းတိုက်ခိုက်ခဲ့တယ်။အဲဒီလိုမျိုး မြေပြင်ထိုးစစ်ဆင်နွဲချိန်အတွင်းမှာပဲ ပျောက်ဆုံးနေတဲ့သူတွေကိုလည်း ရှာဖွေတာတွေ လုပ်ဆောင်သွားမယ်။” ဟု သတင်းထုတ်ပြန်ထားသည်။

ဟားမက်စ်နှင့် အစ္စရေးကြားစစ်ပွဲသည် အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့ပြီးနောက် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကာ အောက်တိုဘာ ၁၃ ရက်နေ့တွင် မြေပြင်ထိုးစစ် စတင်လိုက်ခြင်းဖြစ်သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် လူပေါင်း ၁၉၀၀ ကျော်သေဆုံးထားပြီး လူသိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက “ ကျွန်တော်တို့ဟာ ရန်သူတွေကို မကြုံဖူးတဲ့ပုံစံမျိုးနဲ့ တိုက်ခိုက်နေတယ်။ ရန်သူတွေအပေါ် မြေပြင်ထိုးစစ်ဆင်နွဲမှု စတင်နေတယ်။” ဟု ပြော သည်။

ဂါဇာဒေသရှိ လူထောင်ချီသည် ဂါဇာကမ်းမြောင်မြောက်ပိုင်းကို နေရပ်စွန့်ခွာရန်အတွက် မြေပြင်ပေါ်တွင် သွားလာလှုပ်ရှားနေကြောင်း သိရသည်။

သို့သော်လည်း ဂါဇာဒေသခံအများစုကတော့ ၎င်းတို့အနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးမည်မဟုတ်ကြောင်း ဆိုထားသည်။

အသက် ၂၀ နှစ်အရွယ်ရှိ မိုဟမ်မက်က “ နေရပ်စွန့်ခွာတာထက်စာရင် သေသွားတာက ပိုကောင်းပါတယ်။” ဟုပြောသည်။

ဂါဇာမြို့အတွင်းရှိ ဗလီတွေကလည်း ပါလက်စတိုင်းပြည်သူတွေကို အိမ်မှသာနေထိုင်ကြရန်နှင့် ကိုယ်ပိုင်နက်၊ ကိုယ်မြေကို ထိန်းသိမ်းကြရန် အသံချဲ့စက်များမှတဆင့် တောင်းဆို နေသည်။

ဂါဇာ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ ဂါဇာမြို့ကနေ ဂါဇာမြောက်ပိုင်းက ပြည်သူတွေကို ပြောလိုပါတယ်။ အိမ်ထဲမှာသာ နေထိုင်စေလိုတယ်။ ကိုယ်နေရာမှာ သာ ကိုယ်နေထိုင်စေလိုတယ်။” ဟုပြောသည်။

ကောင်းထက်ငွေ

reuters.com

#ယနေ့ခေတ်

ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ဝင်များ မြေပြင်ထိုးစစ်ဆင်နွဲမှု စတင်လိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် ကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.