ဝါရှင်တန်၊ နိုဝင်ဘာ ၈
ပါလက်စတိုင်းလူမျိုးများနေထိုင်သည့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးနိုင်ငံက နှစ်အတန်ကြာ သိမ်းပိုက်ထားမည့်အစီအစဉ်ကို လက်မခံနိုင်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်သတိပေးလိုက်သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဟားမက်စ်နှင့် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးကဏ္ဍအားလုံးကို အပြည့်အဝထိန်းချုပ်နိုင်အောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အမေရိကန်အစိုးရဘက်က တုံ့ပြန်လာခြင်းဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vedant Patel က “ ကျွန်တော်ရဲ့အမြင်မှာတော့ ပါလက်စတိုင်းဟာ ဒီဆုံးဖြတ်ချက်အတွက် အဓိကအကျဆုံး အခန်းကဏ္ဍ မှာ ရှိနေမှာပါ။ ဂါဇာကမ်းမြောင်ဒေသဟာ ပါလက်စတိုင်းမြေဖြစ်တယ်။ ဒါကြောင့် ဂါဇာဒေသဟာ ပါလက်စတိုင်းပိုင်နက်မြေအဖြစ် ဆက်ရှိနေရမှာပါ။ ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်မယ့် အစီအစဉ်တွေကို မထောက်ခံဘူး။ အစ္စရေးနိုင်ငံသာမက အခြားဘယ်နိုင်ငံဖြစ်ဖြစ် ဂါဇာဒေသကိုသိမ်းပိုက်မယ်ဆိုရင် လက်မခံပါဘူး။” ဟု ပြောသည်။
အစ္စရေးသည် ၁၉၆၇ ခုနှစ်က ဖြစ်ပွားခဲ့သော ခြောက်ရက်ကြာစစ်ပွဲတွင် ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်နေခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသမှ ပြန်ရုတ် သိမ်းသွားခဲ့ကြောင်း သိရသည်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်ကလည်း ဂါဇာဒေသတွင် စစ်သားများကို အချိန်အတန်ကြာ ဖြန့်ကြတ်ချထားမည့် အစီအစဉ်ကို ပြန်လည် စဉ်းစားရန် အစ္စရေးကိုတောင်းဆိုခဲ့ကြောင်း သိရသည်။
၎င်းက “ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသကို ကာလအတန်ကြာ သိမ်းပိုက်ထားမယ်ဆိုရင် ကောင်းမွန်မှုရှိမှာ မဟုတ်ဘူး။ ဒီလိုမျိုးသိမ်းပိုက်ထားခြင်းဟာ အစ္စရးနိုင်ငံအတွက်၊ အစ္စရေးပြည်သူတွေအတွက် ကောင်းမွန်မှုမရှိပါဘူး။” ဟု ပြောသည်။
ဂါဇာဒေသကို ကာလအတန်ကြာ သိမ်းပိုက်ထားမည့် အစ္စရေးနိုင်ငံ၏ အစီအစဉ်ကို အမေရိကန်အစိုးရ ဝေဖန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်