ဂါဇာ၊ ဒီဇင်ဘာ ၁၉
အာရပ်နိုင်ငံမှစေ့စပ်ဆွေးနွေးသူများ ပူးပေါင်းပါဝင်မည့် အမေရိကန်ဦးဆောင်သော ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများရရှိရန် ကြိုးပမ်းနေချိန်တွင် အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခဲ့ရာ အနည်းဆုံးလူပေါင်း ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
ဂါဇာစစ်ပွဲအပစ်ရပ်စဲရန် စေ့စပ်ဆွေးနွေးနေသောနိုင်ငံများနှင့် နီးစပ်သောသတင်းအရင်းမြစ်က စေ့စပ်ဆွေးနွေးနေသောနိုင်ငံများသည် ၁၄ လကြာဖြစ်ပွားနေသော ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကွာဟချက်များကျဉ်းမြောင်းရန် ကြိုးပမ်းနေကြောင်း ပြောသည်။
အစ္စရေးဘက်မှအဆိုပြုသောအရာများကို ဟားမက်စ်အဖွဲ့က ငြင်းဆန်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။
သို့သော်လည်း ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင်ပါဝင်သော အီဂျစ်နိုင်ငံက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လာမည့်ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေကြောင်း ပြောသည်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် နေ့စဉ်လူသေဆုံးမှုများရှိနေပြီး ဟားမက်စ်အဖွဲ့ဝင်များအပြင် အခြားသူများလည်း သေဆုံးနေကြောင်း ပြောသည်။
အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၁၈ ရက်နေ့က Jabalia အရပ်တွင် အစ္စရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသော ဟားမက်စ်အဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
Jabalia.အရပ်ရှိ အယ်အက်ဒါဆေးရုံ ညွှန်ကြားရေးမှုးက ဆေးရုံကို အစ္စရေးအမြှောက်ကျည်ဆံများ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးခြင်းများရှိခဲ့ကာ ဆေးရုံအတွင်းရှိ လူနာတစ်ဦးနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား ဖြစ်ပွားနေသောဂါဇာစစ်ပွဲ ၁၄ လကျော်ကာလအတွင်း အစ္စရေး၏တိုက်ခိုက်မှု ကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးခဲ့သလို လူပေါင်းသန်းချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။
ကုလသမဂ္ဂကလည်း အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ပြီးခဲ့သောသီတင်းပတ်အတွင်း တောင်းဆိုထားကြောင်း သိရ သည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်